မြန်မာနိုင်ငံက ဝှက်ထားသောစစ်ပွဲ (Myanmar’s Hidden War) အမည်နဲ့ Sky News မီဒီယာမှာ မှတ်တမ်းတင်ရုပ်သံတွေကို ကမ္ဘာကို ချပြသွားနိုင်ခဲ့တဲ့ မီဒီယာအသင်းဟာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (ယူကေ) ကပေးတဲ့ တစ်နှစ်တာ မီဒီယာဆုကို ဆွတ်ခူးရရှိသွားပါတယ်။
သတင်းထောက်ချုပ် စတူအတ်ရမ်ဆေးခေါင်းဆောင်တဲ့ မီဒီယာအဖွဲ့ဟာ မြန်မာနိုင်ငံ တောတွင်းမှာ တစ်လကြာ နေထိုင်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တောတွင်းဝင်ရောက်လို့ တိုက်ပွဲဝင်နေကြတဲ့ PDF တွေအကြောင်း အန္တရာယ်များစွာကြားက အမိအရရိုက်ကူးပြီး တင်ဆက်နိုင်ခဲ့တာကြောင့် နိုင်ငံတကာလွတ်ငြိမ်းခွင့်အဖွဲ့ နှစ်စဉ်ပေးတဲ့ အရေးအပါဆုံး မီဒီယာဆုကို ဆွတ်ခူးရရှိသွားတာပဲဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းက လူ့အခွင့်အရေးသတင်းသမားတွေ အသက်စွန့်ပြီး ရဲရင့်စွာနဲ့ ရိုင်းစိုင်းရက်စက်မှုတွေကို ဖော်ထုတ်တင်ပြနိုင်သူတွေထဲကမှ အကောင်းဆုံးသူတွေကို ရွေးချယ်ပေးအပ်တဲ့ ဒီဆု ရရှိခဲ့ပြီးနောက် စတူအတ် ရမ်ဆေးက “မြန်မာနိုင်ငံက စစ်အာဏာရှင်ကိုရဲဝင့်စွာ ဆန့်ကျင်ပြီး တောထဲ ရှင်သန်နေထိုင်ကြပုံ၊ အသက်တွေ စတေးပြီး တွန်းလှန်ကြပုံ၊ တိုက်ပွဲအတွက် ပါဝင်ကူညီကြတဲ့ သူနာပြု၊ ဆရာဝန်၊ လုပ်အားပေးအသင်းတွေရဲ့ စိတ်ဓာတ်တွေအကြောင်း ကျွန်တော်တို့ တောကြီးမျက်မဲကို တစ်လတာအိမ်လုပ်ရင်း ရိုက်ကူးခဲ့ရတာပါ။ နေ့စဉ် သေဆုံးမှုတွေ၊ အန္တရာယ်တွေကြား ရှင်သန်နေထိုင်ကြပုံတွေ၊ စစ်ကောင်စီ အမြဲငြင်းဆိုနေတဲ့ အကြမ်းဖက်တိုက် ခိုက်မှုတွေကို အသက်လုပြီး သက်သေအဖြစ် ရိုက်ကူးနိုင်ခဲ့ကြတယ်။ မကြာခဏ နေရာပြောင်းရွှေ့အခြေချရတာ တွေလည်း ရှိခဲ့တယ်။ ဒလံတွေက သတင်းပေးပြီး ကျွန်တော်တို့ကို ပစ်မှတ်ထားမှာ စိုးရိမ်လို့ပါ။ တွေ့ဆုံခဲ့ရသူ တွေအားလုံးက စစ်ကောင်စီရဲ့ ပိုမိုအကြမ်းဖက် ရက်စက်လာမှုတွေဟာ သူတို့ရဲ့ တော်လှန်လိုမှု သံနိဌာန်ကို ပိုပြီး ခိုင်မာလာစေတယ်ဆိုပြီး ကြံ့ကြံ့ခံကြသူတွေချည်းပဲ” လို့ ဆု လက်ခံရယူစဉ်မှာ ပြောကြားသွားပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာမှုအဖွဲ့ (ယူကေ)ရဲ့ အမှုဆောင်ချုပ်ကလည်း ကမ္ဘာတစ်လွှားမှာ အာဏာရှင်တွေ ဟာ အမှန်တရားကို ဂျာနယ်လစ်တွေ၊ မီဒီယာတွေက ဖော်ထုတ်မှာကို ဖိနှိပ်ချုပ်ခြယ်ကြောင်း၊ သတ်ဖြတ်ကြတဲ့ အထိ အမှန်တရားကို ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာသတင်းဖော်ပြခွင့်တွေကို ခြိမ်းခြောက်ဖိနှိပ်နေကြောင်း၊ ဒါပေမဲ့ ဒီနေ့ဆုဟာ ဘယ်လောက် အာဏာရှင်တွေဖိနှိပ်ပိတ်ပင်ပါစေ ဂျာနယ်လစ်တွေက တိုးတိတ်မနေဘဲ ကမ္ဘာကို အမှန်တရားချပြနိုင်တဲ့အကြောင်း သက်သေပြလိုက်တာလို့ ပြောကြားသွားခဲ့ပါတယ်။