ရန်ကုန်-မော်လမြိုင် လမ်းပေါ်ရှိ ဘီးလင်း ကျုံအိတ်တံတားသည် ယနေ့ နံနက်အစောပိုင်းတွင် မိုင်းခွဲခံရပြီး ကျိုးသွားကြောင်း ဒေသပြည်သူများနှင့်ကားသမား များက ပြောဆိုသည်။
ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် လမ်းပေါ်ရှိ ကျုံအိတ်တံတားမှာ မိုင်းခွဲခံရသဖြင့် လုံး၀ သုံးမရအောင် ပျက်စီးသွားကြောင်း သိရှိရသည်။
“ညက တိုက်ပွဲဖြစ်တယ်။ နံနက်အစောပိုင်းမှာ တံတားကျိုးသွားတယ်။ ဘီးလင်းမြို့နယ်ထဲမှာပါတာ တံတားက။ အခုတော့ ကားတွေ ဖြတ်မရတော့ ကားတွေ တန်းစီးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါတံတားသည် ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက် တွင် ပထမအကြိမ် မိုင်းခွဲခံရသဖြင့် တံတား ပျက်စီးသွားခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် မိုင်းခွဲခံရခြင်းဖြစ်သည်။