ကန့်ဘလူ မလည်ရွာတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ အကြမ်းဖက်စစ်ကောင်စီ၊ ရဲ နဲ့ပျူစောထီးအဖွဲ့ အခြေချစခန်းကို ကန့်ဘလူခရိုင် တပ်ရင်း(၂၊ ၃)၊ ရွှေဘိုခရိုင် တပ်ရင်း-၃၊ အမှတ် (၅၁၀) တပ်ရင်းတို့က မေ ၇ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ “စစ်ကောင်စီထံမှ (၆) ဦး သေဆုံးပြီး လက်လုပ်သေနတ်အပါ လက်နက်ငယ် (၁၄) လက်၊ ကျည်မျိုးစုံ (၇၀၀) ကျော်၊ ကျည်အိမ် (၁၁) ခု၊ လက်ပစ်ဗုံး (၁) လုံး၊ အီနာဂါ (၆) လုံး၊ Jammer (၁) ခု၊ Equipment (၄) ခု၊ Uniform (၃) စုံ၊ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိသည်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ပွဲကို ကန့်ဘလူမြို့နယ် ပကဖနဲ့ ခင်ဦးမြို့နယ် ပလဖတို့က ထောက်ပို့နဲ့ဖြတ်တောက်ရေးပါဝင်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဘက်ကလည်း တတက-၁၃က လက်နက်ကြီးနဲ့ ဗုံးအလုံး (၆၀) ကျော်ပစ်ခတ်ခဲ့တဲ့အပြင်
ပြင်ဦးလွင် (အနီးစခန်း)က Mi-35 (၁) စီးနဲ့ လေကြောင်း ပစ်ခတ်မှု (၁၀) ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် “တံတားဦးက Jet Fighter (၁)စီးနဲ့(၄)ကြိမ်ဗုံးကြဲ တိုက်ခိုက်ပြီး Y-12 နဲ့ ဗုံးအလုံး (၆၀) ကျော်ကြဲချ တိုက်ခိုက်ခဲ့သည်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ စစ်ကောင်စီ အင်အား (၇၀)ခန့်ကလည်း ကျောက်လုံးကြီးရွာကို ရေလမ်းကြောင်းနဲ့ လာရောက်ပြီး စစ်ကူပေးခဲ့လို့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် (၁၀) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့အပြင် ပြည်သူ (၁) ဦးသေဆုံးပြီး (၁၇) ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့
အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။