စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ပလောင် ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူတစ်ဦးဒဏ်ရာရရှိပြီး နေအိမ် ၁၀လုံးခန့် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
မေလ ၉ ရက်က ပလောင်ရွာကို ချင်းတွင်းမြစ်တစ်ဖက်ကမ်း မုံရွာမြို့ဘက်မှ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်နက်ကြီးနှင့်ဗုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ပလောင်ကျေးရွာနေ (၄၂)အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် ၁၀လုံးခန့် ပျက်စီးသွားကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
“မနက်ကနေ ညအထိပစ်တာ။ ဘာမှမဖြစ်ဘဲ ပစ်တာ။ ထိခိုက်တဲ့သူကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူး။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပလောင် ကျေးရွာအပါအဝင် ချင်းတွင်းမြစ်ကမ်းဘေးရှိကျေးရွာများမှ ပြည်သူ၂၀၀၀ခန့်မှာ တိမ်းရှောင် နေရပြီး အစားအသောက်အခက်ခဲများရှိနေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ပြောသည်။
“ဒီကောင်တွေက ကျွန်တော်တို့ရွာဘက်တွေကို မကြာခဏဆိုသလို လက်နက်ကြီးများဖြင့်ထုတယ်။ ဒီတခါတော့ ဒရုန်းတွေရောပါတယ်ဗျ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၆ ရက် နံနက်ပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ကူးတို့ကုန်းရွာသို့ မုံရွာမြို့ဘက်ခြမ်းမှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ရေလုပ်သား အမျိုးသားတစ်ဦးသေဆုံးခဲ့သေးသည်။
စစ်ကိုင်းတိုင်းအပြင် မကွေးနှင့် မန္တလေးတိုင်းတို့တွင်လည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေ၍ ပြည်သူများ ထိခိုက်သေဆုံးမှုရှိနေသည်။