ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်ခဲ့၍ ယမန်နေ့ မေလ ၁၁ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနကထုတ်ပြန်သည်။
ပူတာအို လုံရှာယန်ဘက်မှ စစ်ကား သုံးစီးဖြင့် ဆွမ်ပီယာန်ရွာဘက်သို့ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းကို KIA တပ်မဟာ(၁) တပ်ရင်း(၇) တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ထိခိုက်မှု ရှိ၊မရှိ အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။
KIA နှင့် စစ်ကောင်စီတပ်များသည် တနိုင်းဒေသ ၌လည်း တိုက်ပွဲဖြစ်ခဲသည်ဟုဆိုသည်။ KIA တပ်မဟာ(၂) တပ်ရင်း (၁၄) နယ်မြေရှိ နမ့်ခမ် ၌ စစ်ကောင်စီတပ်နှင့် KIA တပ်များ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း အသိပေးထားပြီး အသေးစိတ် အခြေအနေများ ဖော်ပြမထားပေ။
KIA ပူးပေါင်းတပ်များသည်မိုးမောက်မြို့အနီးရှိ ခမရ (၄၃၇) တပ်ရင်းကို သိမ်းပိုက်နိုင်ရေးအတွက်လည်း ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူ အကြိမ်ကြိမ်ပေး ခုခံတိုက်ခိုက်ခဲ့ဟု ကချင်စစ်ရေးတသင်းရင်းမြစ်တစ်ဦးက မေ ၁၁ ရက်တွင် ပြောကြားထားသည်။ မိုးမောက်မြို့ကို KIAက မေလ ၈ ရက်တွင် ထိန်းချုပ်နိုင်ပြီးနောက် မြို့အနီး ရှိ ခမရ (၄၃၇)တပ်ရင်း ကို သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်လျက်ရှိရာ စစ်တပ်က လေကြောင်းပစ်ကူအများအပြားသုံး၍ တိုက်ခိုက်သဖြင့် နေ့စဉ် တိုက်ပွဲ ပြင်းထန်နေသည်။ စစ်ကောင်စီဘက်က ဗန်းမော်မှ စစ်ကူ ပို့နိုင်ရန်ကြိုးစားလျက်ရှိရာ KIAက ကြားဖြတ်တိုက်ခိုက်လျက်ရှိ၍ စစ်ကောင်စီတပ်များ အထိနာလျက်ရှိသည်။