စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက မီးဖြတ်တောက်ထားသော ကျေးရွာပေါင်း ၃၈ ရွာအနက် ၁၄ရွာကို မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အာဏာသိမ်းစစ်တပ်က ခင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း ၃၈ ရွာကိုမီးဖြတ်ထားပြီး ၊ထရန်စဖော်မာ ၁၅ လုံးကိုဖျက်ဆီးထားသည်။အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သက်ဆိုင်ရာမြို့နယ် တာဝန်ခံများက ကြားကာလအတွင်း ကျေးရွာပေါင်း ၁၄ရွာ မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့သည်ဟု ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
“ကျန်တဲ့ရွာတွေကိုလည်း မီးလင်းရေးအတွက် ဆက်လက်ဆောင်ရွက်ပေးဖို့ အစီအစဥ်ရှိပါတယ်။”ဟု ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
မေလ ၁၁ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ကျေးရွာတစ်ရွာတွင် ဝန်ကြီးဌာနမှ ထောက်ပံ့သော 33/0.4 200 KVA ထရန်စဖော်မာအသစ်အား အစားထိုးလဲလှယ်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားကို မြို့နယ် ပအဖ ခေါင်းဆောင်၊ မြို့နယ် ပကဖ တာဝန်ခံ၊ ဒုတာဝန်ခံ၊ လျှပ်စစ် တာဝန်ခံ၊ တွဲဘက်တာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ပြည်သူ့ရင်ခွင်တာဝန်ခံ၊ တရားရေး ဥက္ကဌ၊ သတင်းပြန်ကြားရေး တာဝန်ခံ၊ ဘဏ္ဍာရေး တွဲဘက်တာဝန်ခံ၊ သယံဇာတ ဥက္ကဌ၊ ပအဖ ရုံးအဖွဲ့မှူး၊ မြို့နယ် ပကဖ ရဲဘော်များ၊ တိုက်နယ်( ၂) ပကဖ ခေါင်းဆောင်၊ ဒုခေါင်းဆောင်နှင့် အဖွဲ့များ၊ ရပ်ကျေး ပအဖ/ပကဖ များ အသီးသီး တက်ရောက်ခဲ့ကြောင်း သိရသည်။