ယောဒေသ၊ ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၀)တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ်အချို့အပါအဝင် အရပ်သားခြောက်ဦးဒဏ်ရာရခဲ့ပြီး တစ်ဦးသည် အရေးပေါ်အခြေအနေဖြင့် ဆေးကုသမှုခံယူနေရသည်။
ဂန့်ဂေါမြို့၊ဇဟောကျေးရွာကို စစ်ကောင်စီက ယမန်နေ့(မေလ ၁၁ရက်)ည ၈နာရီခန့်တွင် လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
” ခမရ(၅၀)နဲ့ ရွာနဲ့က မြစ်သာမြစ်ခြားပြီးတော့ ၁မိုင်လောက်ပဲဝေးတယ်။ အဲဒီကနေပစ်တာ။ ထိတာမှာကလေးနှစ်ယောက်ပါတယ်”ဟု ဂန့်ဂေါမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ဒဏ်ရာရသူခြောက်ဦးအနက် အသက်(၃၀) အရွယ်အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ အရေးပေါ်ဆေးကုသမှုခံယူနေကြကြောင်း သိရသည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့(မေလ ၁၂ရက်)လည်း ခမရ(၅၀)တပ်မှ စစ်ကြောင်းတစ်ကြောင်း စစ်ကြောင်းထိုးလာ၍ ဒေသခံများ လုံခြုံရေးသတိပြုနေထိုင်ကြရန် ရဲဘော်များက သတိပေးထားသည်။
ယောဒေသတွင် မေလ ၉ရက် နံနက် ၁၁ နာရီခန့်ကလည်း ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၆ဦးထက်မနည်း သေဆုံးပြီး ၃၀ကျော်ဒဏ်ရာရရှိခဲ့သည်။