စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူတစ်ဦး ထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ ခုနစ်ဦးအထိ ရှိလာကြောင်း ဒေသခံများက ပြောသည်။
မေလ ၁၁ ရက်က မန်ကျည်းအုပ်ကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီက လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုကြောင့် PDF ရဲဘော်နှင့်ပြည်သူ ခြောက်ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့အနက် ခုနစ်ဦး အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားရှိခဲ့ရာ ယနေ့(မေလ ၁၃ ရက်)တွင် (၃၇)နှစ်အရွယ် ကိုသက်အောင်ဆိုသူ ထပ်မံသေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။
“ငါးဆယ်၊ငါးဆယ် အနေအထားရှိတဲ့ ခုနစ်ဦးထဲက တစ်ဦး ထပ်မံသေဆုံးတာပါ။ ကျန်တဲ့သူတွေကိုတော့ ဆေးဝါးကုသမှုတွေ ပေးနေပါတယ်။”ဟု S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယနေ့ထပ်မံသေဆုံးသူ ကိုသက်အောင်သည် ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှုများအား စိတ်အားထက်သန်စွာ အကူအညီပေးခဲ့သူတစ်ဦးဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီသည် မန်ကျည်းအုပ်ကျေးရွာစာသင်ကျောင်းအား ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံး လေးလုံး ပစ်ချတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် (၁၉)နှစ်အရွယ် ရဲဘော်ဥက္ကာဗိုလ်၊ (၁၈)နှစ်အရွယ် ရဲဘော်ကြယ်စင်၊ (၂၅)နှစ်အရွယ် ရဲဘော်ဘန့်ဘွေးနှင့် အသက် (၂၁)နှစ်အရွယ် ရဲဘော်ငဒေါင်တို့ ကျဆုံးခဲ့ကြောင်း၊ ထို့အပြင် ပြည်သူနှစ်ဦးဖြစ်သော (၆၉)နှစ်အရွယ် ဦးအုန်းသန်းနှင့် (၂၈)နှစ်အရွယ် ကိုစံလင်းတို့လည်း သေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။
ထို့အပြင် (၈)နှစ်အရွယ် ယောကျာ်းလေးတစ်ဦး၊ အမျိုးသား ၁၂ဦးနှင့် အမျိုးသမီး ၁ဝ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေထောက်ပြတ်သွားသူ နှစ်ဦး၊ လက်ပြတ်သွားသူ သုံးဦးရှိခဲ့သည်။
ထို့အပြင် ထိခိုက်သူများအတွက် အရေးပေါ်ဆေးဝါးများလည်း လိုအပ်နေကာ လေကြောင်းတိုက်ခိုက်ခံထားရ၍ မန်ကျည်းအုပ်ကျေးရွာအပါအဝင် အနီးဝန်းကျင်ရွာများ ထွက်ပြေးတိမ်းရှောင်နေရသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ အင်းတန်းကျေးရွာအနီး၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး ထိခိုက်မှုမရှိခဲ့ပေ။