ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေးအတွင်း တော်လှန်ရေး အင်အားစုတွေဘက်က တပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ကြောင်း CDF က နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ကျဆုံးရဲဘော်တွေဟာ ကျင်ဒွေးမြို့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ တခြားစစ်ဆင်ရေးအတွင်း တာဝန် ထမ်းဆောင်နေစဉ် မြတ်မြင့်စွာကျဆုံးခဲ့ခြင်းဖြစ်တယ်လို့ CDF-Kanpetlet ကဆိုပါတယ်။
ကျဆုံးရဲဘော်တွေက ကန်ပက်လက် CDF တပ်မဟာမှ G-1 ဆလိုင်း ဖွေထန်း (ဒီဇင်ဘာ ၂၂) ၊ ဆလိုင်း ချိုင်မနား၊ ဆလိုင်း ပီတာလိန်းဟုန်း၊ ဆလိုင်း လိန်းကီး၊ ဆလိုင်း ရွှေဝင်း၊ ဆလိုင်း ဆောကွီး၊ ဆလိုင်း မနားဟုန်း၊ ဆလိုင်း နိုင်းထန်း၊ ဆလိုင်း လိန်းထန်း၊ ဆလိုင်း ရှို့ခိုင်၊ ဆလိုင်း ရဲမာန်အောင်၊ ဆလိုင်း နေလင်းအောင်၊ ဆလိုင်း ကွီးရှိန်း တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ CDF ကန်ပက်လက်၊ နယ်မြေခံ CDF တွေနဲ့ မကွေးတိုင်းအတွင်းရှိ PDF တပ်ရင်းအချို့ ပူးပေါင်း စတင်ခဲ့ကြတာပါ။
တိုက်ပွဲစတင်ပြီး ၃ လ ခန့်အကြာမှာတော့ AA ၊ Generation Z Army ၊ YDF ၊ CDF ကန်ပက်လက်နဲ့ PDF တပ်ရင်းအချို့၊ LPDF တို့ပူးပေါင်းကာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သတ်မှတ်တိုက်ပွဲ ဖော်ဆောင်ပြီးတဲ့နောက်မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။