မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာရှိ ဒေသခံပြည်သူများ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိထားသူများအနက် အမျိုးသားတစ်ဦးမှာ ယနေ့နံနက်တွင် ထပ်မံသေဆုံးခဲ့သည်။
မေလ ၁၁ ရက် နံနက် ၅ နာရီခန့်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၃၂ဦးကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်သွားခဲ့သည်။
ထိခိုက်ဒဏ်ရာရသည့် ဒေသခံပြည်သူ ၁၇ ဦးထက်မနည်း ရှိခဲ့ရာ မေလ ၁၂ ရက်က အသက် (၈၀)ကျော် အဘွားအိုတစ်ဦးသေဆုံးခဲ့သည်။
ယနေ့ (မေလ ၁၄ ရက်)နံနက်ပိုင်းတွင်လည်း အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဟိုဘက်ဒီဘက်လုနေရတဲ့(အသက်လုနေရတဲ့)သူ သုံးယောက်ရှိတယ်။ အဲထဲကတစ်ယောက် အခုမနက်ဆုံးသွားတာ။”ဟု လက်ထုတ္တောကျေးရွာ ရပ်ကျေးပကဖတာဝန်ခံ ကိုဂန္ဓမာက ပြောသည်။
စစ်ကောင်စီတပ်သည် ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အားလုံး မီးလောင်ပြာကျခဲ့သည်။ ထိုကြောင့် လက်ထုတ္တောကျေးရွာဒေသခံများမှာ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
တိမ်းရှောင်နေရသည့်ပြည်သူများမှာ ရုပ်ပိုင်းဆိုင်ရာ အကူအညီများအပြင် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများလည်း လိုအပ်နေကြောင်း ကိုဂန္ဓမာက ပြောသည်။
ထိုကဲ့သို့ ပြည်သူ ၃၀ကျော် အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီ၏ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းနှင့် ပျူစောထီးများ စုစုပေါင်း အင်အား ၇၀ခန့်ပါဝင်သော ပူးပေါင်းအဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။