သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတဝိုက်ကို စစ်သင်္ဘောပေါ်ကနေ ဒီနေ့တစ်မနက်လုံး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်က ကနက်သီရိကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေ တစ်နာရီခန့်အကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာအနောက်ဘက်က ပင်လယ်ပြင်မှာရှိနေတဲ့ ရေတပ်သင်္ဘောနှစ်စီးက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာပါ။
“အားလုံးကုန်ပြီထင်တယ်။ တစ်မနက်လုံးပစ်နေတာ အလုံးငါးဆယ်ကျော်လောက်တောင်ရှိပြီ။ သူပစ်တာက ရိုးရိုးလက်နက်ကြီးနဲ့တောင်မတူဘူး၊ တစ်ချက်ဆိုတစ်ချက် ဟိန်းနေတာပဲ” အနီးအနားကကျေးရွာမှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
လက်နက်ကြီးကျည်တွေဟာ နှစ်လုံးသုံးလုံး တပြိုင်တည်းပေါက်ကွဲနေတာကြောင့် စစ်သင်္ဘောနှစ်စီးလုံးကပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။
လက်နက်ကြီးကျည်တွေကြောင့် ကနက်သီရိရွာထဲမှာ နေအိမ်မီးလောင်တာနဲ့ ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတွေကပြောပေမဲ့ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
“ရွာထဲကိုကျနေတယ်ကြားတယ်။ မီးခိုးလုံးတွေတက်နေတယ်တဲ့။ ရွာထဲမှာက လူအနည်းစုပဲကျန်ပြီဆိုတော့ အဆက်အသွယ်ပြတ်နေပြီ” လို့ အနီးအနားကကျေးရွာတစ်ခုမှာ စစ်ဘေးရှောင်နေရတဲ့ ကနက်သီရိရွာခံ အမျိုးသမီးက ပြောပါတယ်။
ဒီနေ့မွန်းတည့် ၁ နာရီလောက်အထိလည်း စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေပစ်ခတ်နေတုန်းပဲလို့ ဒေသခံတွေကဆိုပါတယ်။
ကနက်သီရိ၊ ရငဲနဲ့ အနီးအနားရွာကဒေသခံတွေဟာ စစ်ကောင်စီက လေကြောင်းကဗုံးကြဲခဲ့တဲ့ လွန်ခဲ့တဲ့တစ်ပတ်လောက်ကစလို့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အခုလ ၈ ရက်နေ့နဲ့ ၁၀ ရက်နေ့ကလေကြောင်းကဗုံးကြဲခဲ့တာကြောင့် ကနက်သီရိရွာက ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားငါးဦးအထိ သေဆုံးခဲ့ပါတယ်။
အခုလအတွင်း ပဲဒက်စခန်းသိမ်းတိုက်ပွဲနဲ့ လောင်းလုံးမြို့ပေါ်ကတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောကိုအသုံးပြုပြီး ကုန်းပေါ်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။
အခုတစ်ပတ်အတွင်း ရေဖြူမြို့နယ်က ဇင်းဘာနဲ့ မိကျောင်းလှောင်းရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့နေ့ရောညပါ ပစ်ခတ်နေတာကြောင့် ဒေသခံရာပေါင်းများစွာ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။