၁။
“လုပ်ကြပါဦးရှင်..ခါးပိုက်ထည့်ခံရလို့ပါ”
“ဟာ..ကားပေါ်မှာ ခါးပိုက်ထည့်တဲ့ဟေ့..ကားဆရာ..ကားဆရာ”
မြို့တွင်းဘတ်စ်ကားပေါ်မှ အော်သံများကြောင့် ယာဉ်အပေါက်ဝတွင် တွဲလောင်းခိုလိုက်လာသော စပယ်ယာလေးက ရှေ့သို့လှမ်းအော်လိုက်သည်။
“ဆရာရေ..ခါးပိုက်ထည့်ပါလာတယ်တဲ့..တရားစခန်းကိုသာ တန်းမောင်းပေတော့..အားလုံးပဲ ဘယ်သူမှ မဆင်းကြပါနဲ့..တရားစခန်းရောက်မှ ရှင်းကြပါ”
ယာဉ်မောင်းက ကားကို အနီးဆုံး တရားစခန်းဆီသို့ ဦးတည်လိုက်သည်။
………………….……….
တရားစခန်းထဲသို့ မြို့ပတ်ဘတ်စ်ကား မောင်းဝင်လာသည်နှင့် တာဝန်ရှိသူများထွက်လာပြီး ကားကို ဝိုင်းလိုက်ကြသည်။
ယောဂီရောင်ဝမ်းဆက်ဝတ်ထားသော တရားစခန်းမှူး က ယာဉ်မောင်းဆီသို့ လျှောက်လာ၏။
“ထုံးစံအတိုင်း ခါးပိုက်ထည့် ပဲလား”
“ဟုတ်ပါတယ်”
“ခါးပိုက်ထည့်ခံရတာ ဘယ်သူလဲ”
“ကျွန်မပါရှင်”
အဝတ်အစားခပ်နွမ်းနွမ်းနှင့် အမျိုးသမီးကြီးက လက်ထောင်လိုက်သည်။
“ဖြစ်စဉ်ကို ပြောပြပေးပါ..အမကြီး”
“ဒီလိုပါ..ဆရာရယ်…ကျွန်မ အိမ်က ထွက်လာတော့ ဒီအိတ်ထဲ ငွေငါးသောင်းပါလာပါတယ်…ဘတ်စ်ကားပေါ်တက်တော့လည်း.သေချာစစ်လာပါသေးတယ်..အခု ဆင်းခါနီးလို့ အိတ်ကိုကြည့်တော့ အိတ်က ပွင့်နေတယ်..ပြီးတော့ အထဲမှာ ငွေတစ်သိန်းတောင် ဖြစ်နေလို့ပါရှင်”
“ဟာ ဒါဆို ငါးသောင်းတောင် ခါးပိုက်ထည့်ခံရတာပေါ့..တောက်..ဒီခါးပိုက်ထည့်တွေ ဘယ်လောက်နှိမ်နင်းနှိမ်နင်း..ခက်တာပဲ”
စခန်းမှူးက ဘတ်စ်ကားပေါ်မှ ဆင်းလာသော လူအုပ်ကြီးထံ မျက်စိဝေ့ကြည့်လိုက်၏။
လူအုပ်ကြီးမှာလည်း ဆူညံနေရာမှ ငြိမ်ကျသွားသည်။
စခန်းမှူးက လူအုပ်ထဲမှ အဝတ်အစားသားသားနားနား၊ ပိုက်ဆံအိတ်ခပ်ကြီးကြီးကို ကိုင်ထားသော လူတစ်ယောက်ရှေ့တွင် ရပ်လိုက်၏။
“ဪ..ဘယ်သူများလဲလို့…ကိုအောင်ကောင်းကို”
ကိုအောင်ကောင်း ဆိုသူမှာ မျက်စိပျက် မျက်နှာပျက်ဖြင့်။
“ဘယ်လိုလဲဗျ..ခင်ဗျားတို့ ဂိုဏ်းခေါင်းဆောင် ကိုသူတော် ပြီးခဲ့တဲ့နှစ်ကတည်းက အနုကြမ်းပေးမှုနဲ့ တရားစခန်း သုံးနှစ်သွင်းခံရပြီးကတည်းက ခင်ဗျားတို့ ဂိုဏ်း ငြိမ်သွားပြီမှတ်တာ..အခုတော့”
ခါးပိုက်ထည့်ဂိုဏ်းဆိုသည့် အသံကြားသည်နှင့် လူအများမှာ သူတို့၏ အိပ်ကပ်များကို အလန့်တကြား ဖိပိတ်ထားလိုက်ကြ၏။
“ကဲ..ကိုအောင်ကောင်း…ခင်ဗျားတို့ ဒီလိုပဲ လစ်ရင် လစ်သလို လူတွေအိတ်ထဲ ပိုက်ဆံတွေ လိုက်ထည့်ပေးနေတော့မှာလား..ခင်ဗျားတို့ကြောင့် ပိုက်ဆံထည့်ခံရတဲ့လူတွေ ဘယ်လောက်စိတ်ညစ်ရတယ်မှတ်လဲဗျ…”
ကိုအောင်ကောင်း က အံကို တင်းတင်းကြိတ်ကာ ခေါင်းကို ငုံ့လိုက်သည်။ ထို့နောက်..။
“ဟုတ်ပါတယ်..စခန်းမှူးကြီး..ကျွန်တော် ..ဒီအမျိုးသမီးကြီးကို မြင်တော့..နွမ်းနွမ်းပါးပါး ဆင်းဆင်းရဲရဲထင်လို့..ငွေ ငါးသောင်း သူမသိအောင် သူ့အိတ်ထဲ ထည့်ပေးမိတာပါ.. ဒီတခါတော့ ကျွန်တော့်စေတနာကို ခွင့်လွှတ်ပေးပါ”
“ဟူး..ခက်တယ်ဗျာ..စေတနာက စေတနာ..ဥပဒေက ဥပဒေပဲ..ကိုအောင်ကောင်းရ..ကဲ..အမကြီး ကရော ဘယ်လိုဖြစ်ချင်လဲ”
“ကျွန်မကို သူ ထည့်ပေးထားတဲ့ ဒီပိုက်ဆံကို ပြန်ယူပေးရင်..ရပါပြီ..သူလည်း ရှိလို့ လိုက်ပေးနေတာပဲ..ကိုယ်ချင်းစာပါတယ်”
စခန်းမှူးက အမျိုးသမီး၏ လက်ထဲမှ ငွေငါးသောင်းကိုယူကာ ခါးပိုက်ထည့်ကိုအောင်ကောင်း ထံ ပေးလိုက်သည်။
“ကဲ..ဒီတခါတော့ ခင်ဗျားကို ကျုပ်ခွင့်လွှတ်လိုက်မယ်..အခုခေတ်ကာလ..လူတိုင်းက ငွေပေါများနေတာ ကျုပ်နားလည်ပါတယ်..ဒါပေမယ့်…နောက်ကို တဖက်သားမသိအောင် ပိုက်ဆံလိုက်ထည့်ပေးတာမျိုးတွေ မလုပ်ပါနဲ့..ကိုယ့်မှာ သိပ်ပိုလျှံနေရင်လည်း သူများလိုချင်အောင် ပြောပြီးပေးပေါ့..ဟုတ်ပြီလား..နောက်တခါဆို ခင်ဗျားဆရာလို တရားစခန်းနှစ်ရှည်ဝင်ခိုင်းလိုက်မယ်..ဟုတ်ပြီလား”
ခါးပိုက်ထည့်ကိုအောင်ကောင်းက ငွေငါးသောင်းကို ဆုပ်ကိုင်ကာ..သူ၏ ပိုက်ဆံများဖြင့်ဖောင်းနေသော ငွေအိတ်ကြီးထဲ ခပ်မြန်မြန်ထိုးထည့်လိုက်တော့သည်။
…………………………..…………………….
၂။
“သူပေး ဗျိုး…သူပေး..လိုက်ဟေ့..လိုက်ဟ”
ညဉ့်သန်းခေါင်ယံ။
ရပ်ကွက်တစ်ခုလုံး ဆူညံပွက်လောရိုက်သံများ။
ရရာ လက်နက်များစွဲကိုင်ကာ ဝန်းရံကြ၏။
“မိပြီဟေ့..ဒီမှာ..ဒီမှာ”
လန်ဘော်ဂီနီကား အနီရောင်လေးတစ်စီးကို ရပ်ကွက်သူ ရပ်ကွက်သားများက ဝိုင်းရံထားကြ၏။
“ဟေ့..ဟေ့..ဘာမှမလုပ်ကြနဲ့ဦးနော်.အားလုံးနောက်ဆုတ်ကြ”
ရပ်ကွက်ဥက္ကဌ ကိုဘဦးအသံကြောင့် ကားကို ဝိုင်းထားသော လူအုပ်ကြီးမှာ ရှဲသွား၏။
“ဘယ်မှာလည်း…သူပေး”
“ဒီကားပေါ်မှာပါ..အုပ်ကြီး…ဒီကောင် ကိုမြဝင်း ခြံထဲ တိတ်တိတ်လေး ကျော်တက်ပြီး အိမ်ပြတင်းပေါက်ကနေ နောက်ဆုံးပေါ်စမတ်ဖုန်းအသစ်တစ်လုံး လာထားပြီး ထွက်ပြေးတာပါ”
“ဟေ..ဟုတ်လား..ဟေ့..သူပေး..ဆင်းခဲ့စမ်း”
ကားတံခါးက ဖြည်းညှင်းစွာပွင့်သွားသည်။
ကားထဲမှ LV အနက်ရောင်ဝမ်းဆက်ဖြင့် အမျိုးသမီးငယ်တစ်ဦး ဆင်းလာသည်။
“ဟာ..သူပေး ကလည်း ငယ်ငယ်ချောချောလေးဟ”
“သူ့အရွယ်လေးနဲ့ သူများကို ပစ္စည်းတွေ လိုက်ပေးနေတယ်တော့”
“ရုပ်လေးမှ အားမနာဟယ်…ကိုယ့်ပစ္စည်းတွေ..သူများလိုက်ပေးရတယ်လို့”
“ဒီတလော ဟိုဘက်ရပ်ကွက်မှာ ရွှေတိုရွှေစတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ လိုက်လိုက်ပေးတဲ့ သူပေးအဖွဲ့ဆိုတာ သူတို့နေမယ်”
လူအုပ်ထဲမှ အသံများ ထွက်လာ၏။
“ကဲ..ကလေးမ..လာပါဦး…မင်းကို သူတို့ဘာမှမလုပ်ဖို့ ဦးလေး အာမခံပါတယ်..ဦးလေးက ဒီရပ်ကွက်ရဲ့ ဥက္ကဌပါပဲ”
အမျိုးသမီးငယ်က ခေါင်းကိုငုံ့ကာ မရဲတရဲရှေ့တိုးလာ၏။
“ကဲ..ဦးမြဝင်း..ခင်ဗျားအိမ်ထဲ သူလာပေးသွားတယ်ဆိုတဲ့ သက်သေခံပစ္စည်းယူခဲ့ဗျာ”
လူအုပ်ထဲမှ ဦးမြဝင်း ဆိုသူ ထွက်လာသည်။
သူ့လက်ထဲမှ စမတ်ဖုန်း အသစ်စက်စက်ကို ဥက္ကဌကိုဘဦး ထံ ထိုးပေးလိုက်၏။
“ကဲ..ကလေးမ..မင်း ဒီလို ညကြီး အချိန်မတော် သူများခြံထံ ကျော်ဝင်ပြီး ဒီပစ္စည်းကို မင်း ထားပေးခဲ့သလား”
“ဟုတ်ကဲ့..ကျွန်မ တတ်နိုင်ပိုလျှံလွန်းလို့..မနေနိုင်တဲ့ အဆုံး ဒီအိမ်လေးထဲ ခိုးဝင်ပြီး ထားပေးခဲ့တာပါ..ရပ်ကွက်ထဲမှာလည်း ဒီအိမ်လေးက အဆင်းရဲဆုံးဆိုတော့”
“ဟေ့..ငါ့ဟာငါ ရှေးမူမပျက်ပုံစံအတိုင်းနေချင်လို့ အိမ်ကို ပြန်မပြင်တာ..ငွေမရှိလို့မဟုတ်ဘူး..ငါ့ကို ဒီလိုလာ မစော်ကားနဲ့…ငါ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှုနဲ့ မင်းကို တရားစခန်းပို့ပစ်လို့ရတယ် “
“ဦးမြဝင်း…စိတ်ကို ထိန်းပါဗျာ..ဒီပြဿနာ ကျုပ်ရှင်းပေးပါ့မယ်”
ဥက္ကဌ ကိုဘဦးက သက်ပြင်းချလိုက်သည်။
“ဒီမယ်..ငါ့တူမ..ဒီလို ခေတ်ကောင်းကြီးထဲ…လူတိုင်း အဆင်ပြေနေကြတာကို ဦးလေးတို့သိပြီးသားပါ..ဒါပေမယ့် တူမကြီးတို့က အဆင်ပြေကြသူချင်း ကိုယ်ချင်းစာရမယ်လေ..ဘယ့်နှယ့် ကိုယ့်မှာ ပေါများတိုင်း သူများအိမ်ထဲ ခိုးဝင်ပြီး ပေးချင်တိုင်းပေးလို့ ဘယ်ရမလဲ..ပြီးတော့ ငါ့တူမ အရွယ်နဲ့ ရုပ်ရည်လေးမှ မလိုက်..ဒီ သူပေး အလုပ်ကြီး မလုပ်ပါနဲ့တော့”
ကိုဘဦး စကားအဆုံး အမျိုးသမီးငယ်မှာ ရှိုက်ကြီးတငင်ငင် ငိုချလိုက်တော့သည်။
“ဟုတ်ပါတယ်..ဦးရယ်..သမီးမှားပါတယ်..သမီးတို့မှာ ဒီလိုမျိုးရိုးလည်းမရှိပါဘူး..ဒါပေမယ့်..သမီးမှာ ပိုက်ဆံတွေ၊ ဖုန်းတွေ၊ ကားတွေ အရမ်းပေါများနေတော့..ခုလိုမျိုး ပေးမိပေးရာ ပေးမိတာပါ..သမီးကို ဒီတခါတော့ ခွင့်လွှတ်ပေးကြပါရှင်”
သူပေးမလေး၏ ဂရုဏာသက်ဖွယ် တောင်းပန်စကားကြောင့် ညာသံပေးနေသော လူအုပ်ကြီးမှာ ရုတ်တရတ်တိတ်ဆိတ်သွားတော့သည်။
……………………………
၃။
မြို့စွန် ဆင်ခြေဖုံးရပ်ကွက်၊ လမ်းသွယ်တစ်နေရာ။
လူငယ်နှစ်ဦး ဆိုင်ကယ်စီးလာစဉ်။
နောက်မှ ဆိုင်ကယ် သုံးစီးက ရှေ့မှ ပိတ်ရပ်လိုက်၏။
သူတို့၏ လက်ထဲတွင် ဓါးများ၊ တုတ်များကိုယ်စီဖြင့်။
ဆိုင်ကယ်မောင်းလာသော လူငယ်များမှာ အလန့်တကြားဖြင့် ဆိုင်ကယ်ကို ရပ်ပေးလိုက်ကြသည်။
“ဟေ့..မင်းတို့ ဆင်းကြစမ်း..ခုခံမယ် မကြံနဲ့နော်”
ဓါး၊တုတ်ကိုယ်စီကိုင်ထားသော လူအုပ်စုက လူငယ်နှစ်ဦး ထံ တိုးကပ်သွား၏။
“ဒါ..ဘယ်သူ့ဆိုင်ကယ်လဲ”
“ကျွန်တော့် ဘီးပါ”
ရှေ့မှမောင်းသော လူငယ်က ဖြေလိုက်၏။
“အေး..ဒါဆို နောက်ကလိုက်လာတဲ့ကောင်… မင်းမှာ က ဆိုင်ကယ်မရှိဘူးပေါ့”
“ခင်ဗျာ..ကျွန်တော်”
“ကျွန်တော်လုပ်မနေနဲ့…ငါတို့မှာ ဆိုင်ကယ် သုံးစီးပါတယ်…တစ်စီးကို မင်းယူလိုက်..ရော့..ဒီမှာ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ”
“ကျွန်တော့်မှာ..ဆိုင်ကယ်ရှိပါတယ်”
“ဟေ့ကောင်…ငါတို့ကို လာလိမ်မနေနဲ့..ဒါမျိုးတွေရိုးနေပြီ…ယူဆို ယူလိုက်..ဝှီးတက်ရော.အုံနာဘုတ်ရော အကုန်အပြည့်အစုံပဲ…ယူဆို ယူစမ်း..ရော့”
ဓါးနှင့်ရွယ်ကာ အတင်းပေးသဖြင့် လူငယ်မှာ ဆိုင်ကယ်သော့ရော..စာရွက်စာတမ်းများကိုပါ…တုန်တုန်ရီရီဖြင့် ယူထားလိုက်ရ၏။
“ဟေ့..ဖိုးတုတ်..မြန်မြန်လုပ်ကွာ..တော်ကြာ လူတွေ ရောက်လာတော့မယ်”
“အေး..သောင်းရီ…ဒီကောင် ပေကပ်ကပ်လုပ်နေလို့ကွာ..ဟေ့ကောင်..မင်း ဒီဆိုင်ကယ်ကို ကောင်းကောင်း ယူစီးနော်…အေး..အဲ့ဒီလိုမဟုတ်ပဲ
.တိုင်လားတောလားလုပ်ရင်တော့…နောက်တခါဆို ကား လာပေးပစ်မှာ…နားလည်လား”
လူအုပ်စုကြီးက ခပ်သုတ်သုတ်ထွက်ခွာသွား၏။
လူငယ်နှစ်ယောက်မှာ ဆိုင်ကယ်နှစ်စီးနှင့်အတူ မတ်တပ်ရပ်လျက်။
“ငါတို့ ဘယ်လိုလုပ်ကြမလဲ…အနုကြမ်းပေးမှုနဲ့ အမှုသွားဖွင့်ကြမလား”
“ဖြစ်ပါ့မလားကွာ..ဒီလူတွေက နာမည်ကြီးလူမိုက်တွေကွ..တော်ကြာနေ..နောက်တခေါက် သူတို့ပြောသလို ကားတွေ လာပေးနေမှ”
“ဟူး..ဘယ်တတ်နိုင်မလဲကွာ…ငါတို့လည်း..ဒီလိုခေတ်ကောင်းကြီးထဲမှာမှ လူလာဖြစ်တာကိုး”
လူငယ်နှစ်ဦး ကား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။
ခက်ဇော်