အကြမ်းဖက် စစ်ကောင်စီရဲ့ အကျဥ်းထောင်တွေအတွင်း သောက်ရေသုံးရေမလုံလောက်မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး တချို့ထောင်တွေမှာ ထုံးဓာတ်များတဲ့ရေနဲ့ နုန်းအနယ်တွေပါတဲ့ရေတွေကို သောက်နေရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အကျဥ်းသားတွေဟာ ထုံးဓာတ်များတဲ့ရေနဲ့ နုန်းအနယ်တွေပါတဲ့ ရေများသောက်သုံးရသလို ဗီတာမင်ဓာတ်ချို့တဲ့ပြီး အောက်ပိုင်းချိနဲ့လေဖြန်းတဲ့ရောဂါတွေလည်း ဖြစ်ပွားနေတယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM)ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။
မိတ္ထီလာအကျဥ်းထောင်မှာ အကျဥ်းသားတွေဟာ ပုံမှန် ဆပ်ပြာမတိုက်မှီ (၁၀) ခွက်၊ ဆပ်ပြာ တိုက်ပြီး (၁၀)ခွက်ချိုးရပြီး ရေရှားသောအခါတွေမှာဆို စုစုပေါင်း (၁၅)ခွက် ခန့်သာချိုး ရလေ့ရှိတယ်လို့ ဆိုပါတယ်။
ထောင်က ရေမပေးနိုင်လို့ ရေကားတစ်စီးကို (၆၅၀၀၀) ခန့်နဲ့ နိုင်ငံရေးအကျဥ်းသားများစုပြီး ရေဝယ်ချိုးရပြီး အလှည့်ကျချိုးရတဲ့အတွက် ရေခွက်မလောက်လို့ ဝဝလင်လင်မချိုးရတဲ့အပြင် မနက်မျက်နှာသစ်ရင် လည်း(၃) ခွက်နဲ့သာ လောက်ငှအောင် သစ်နေရတယ်လို့PPNM က ဆက်ပြောပါတယ်။
ပြည်အကျဥ်းထောင်မှာလည်း အပြင်က ရေသန့်ဝယ်မသောက်နိုင်တဲ့အကျဥ်းသားတွေဟာ ထောင် ကတိုက်တဲ့ ရေသာသောက်ရပြီး ပြန်လွတ်လာသောသူတွေမှာ ကျောက်ကပ်ရောဂါတွေ ဖြစ်ပွားနေပြီး မြစ်ကြီးနားအကျဥ်းထောင်တွင်လည်း သောက်ရေသုံးရေအတွက် အကျဥ်းသားတွေ ဆီက ပိုက်ဆံကောက်ပြီး ထောင်ကရေတွေ သောက်ရတယ်လို့ သိရပါတယ်။
သာယာဝတီထောင်မှာ လေးနာရီမီးလာ လေးနာရီမီးပျက်တာကြောင့် ရေပေးဝေမှုက မလုံလောက် ဘူးလို့သိရပြီး ပုသိမ်အကျဥ်းထောင်မှာလည်း အမျိုးသမီးဆောင်က ရေတင်စက် မကြာခန ပျက်လေ့ရှိပြီး အခြားအဆောင်သို့ပေါင်းကာ ခွက်အရေအတွက်နဲ့သာ ချိုးရတယ်လို့ ဆိုပါတယ်။
အင်းစိန်ဗဟိုအကျဥ်းထောင်မှာ မီးမလာတဲ့အချိန်ကများလို့ အကျဥ်းသားတွေဟာ ရေကိုခွက် အရေ အတွက်နဲ့ချိုးရတဲ့အပြင် ရေမသန့်တာနဲ့ ရေကိုဝအောင် မချိုးရတာကြောင့် အပူနာနဲ့ယားနာတွေ ဆိုးဝါးစွာ ဖြစ်ပွားနေတယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။