ကရင်နီပြည် ၊ လွိုင်ကော်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ အချိန်ကာလ ၆ လ ကျော်တဲ့အထိ အသက်မသေအောင်သာ စားသောက်နေရတဲ့အတွက် အဟာရမပြည့်ဝတော့ဘဲ ဗီတာမင်ချို့တဲ့နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဥ်းသားများ ကွန်ရက် (PPNM) က ပြောပါတယ်။
“အချိန်ကာလအားဖြင့် (၆)လကျော်သည်အထိ ဆန်အကြမ်းနှင့်ငါးပိအနည်းငယ်ကိုသာ အသက် မသေအောင် အားပြုစားသောက်နေကြရသည့် နိုင်ငံရေးအကျဉ်းသားများသည် ဗီတာမင်ဓာတ် ပြည့်ဝသည့် အစားအသောက်များကို ကောင်းစွာစားသောက်ရမှု မရှိခြင်း၊ အချုပ်ခန်းပြင်ပတွင် သွားလာချိန် လွန်စွာနည်းပါးပြီး ကိုယ်လက်လှုပ်ရှားအားကစားများလုပ်ခွင့် ကန့်သတ်ခံထားရသည့် အတွက် လက်ရှိအချိန်တွင် ကိုယ်ခန္ဓာများ ချိနဲ့လျက်ရှိပြီး အချို့နိုင်ငံရေး အကျဉ်း သား၊ အကျဥ်းသူများမှာ ထောင်အခေါ်တုတ်ဆွဲခြင်း (လေဖြတ်ရောဂါဝေသနာကဲ့သို့) ဝေဒနာကို ခံစား နေရသူ များလာ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ခဲ့တာပါ။
မြို့တွင်း တိုက်ပွဲ နဲ့ အခြားကရင်နီဒေသခံများ စစ်ဘေး ရှောင်ရမှု များပြားလာတဲ့အတွက် အကျဥ်းထောင်သို့ ပုံမှန် ထောင်ဝင် စာပေးပို့နေတဲ့ မိသားစုဝင်များ ပါဆယ်မပေးပို့နိုင်တာ ၆ လကျော် ရှိခဲ့ပြီလို့သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အကျဥ်းဦးစီးဌာန အနေနဲ့ အကျဥ်းသားများကို ပုံမှန်ကျွေးရန် သတ်မှတ်ထားတဲ့ အသားဟင်းကိုပင် မကျွေးနိုင်တော့တဲ့အခြေအနေဖြစ်ပြီး၊ ထောင်တွင်း အကျဥ်သားများမှာ ဆန်ကြမ်း၊ ငါးပိကိုသာ အသက်မသေအောင် အားပြုစားသောက် နေရတယ်လို့ ဆိုပါတယ်။
လွိုင်ကော်အကျဥ်းထောင်မှာ မတရား ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ နိုင်ငံရေး အကျဥ်းသား ၁၁၀ ကျော် နဲ့ အခြား အကျဥ်းသား ၄၀၀ ကျော် ဗီတာမင်ချို့တဲ့ နေတယ်လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်၊နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်တပ် နဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ မြို့တွင်းတိုက်ပွဲ ပြင်းထန်ခဲ့ပြီး၊ ရန်သူ တပ်သားများ လွိုင်ကော်အကျဥ်းထောင်တွင်း ဝင်ရောက်တပ်စွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။