မကွေးတိုင်း ၊ သရက်ခရိုင် ၊ မင်းတုန်းမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သစ်ထုတ်လုပ်ရေး စခန်းမှာ တိရိစ္ဆာန်အခွင့်အရေး(Animal Rights)ကို ချိုးဖောက်ပြီး ဆင်တွေကို အဓမ္မခိုင်းစေခိုင်းနေတဲ့အတွက် ဆင် ၅ ကောင်သေဆုံးခဲ့တယ်လို့ ပကဖ အသံ က ဖော်ပြခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက သစ်ထုတ်လုပ်ရေးစခန်းက ဆင်တွေကို အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာ ပို့ဆောင်ရေးမှာ အသုံးပြုနေတဲ့အတွက်ကြောင့် အမှတ် ၁ ဒေသမှာ ဆင် ၂ ကောင် သေဆုံးခဲ့ပြီး အမှတ် ၂ ဒေဿမှာ ဆင် ၃ ကောင် သေဆုံးခဲ့တဲ့အတွက် စုစုပေါင်း ဆင် ၅ ကောင် သေဆုံးခဲ့ရတာပါ။
ပကဖ အသံရဲ့ ဖော်ပြချက်အရ သစ်ထုတ်လုပ်ရေး အမှတ် ၁ ဒေသမှာ ဆင်အကောင်ရေ ၄၀ ရှိသလို သစ်ထုတ်လုပ်ရေး အမှတ် ၂ ဒေသမှာ ဆင်ကောင်ရေ ၃၀ ရှိတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီက မင်းတုန်းသစ်ထုတ်လုပ်ရေးက ဆင်တွေကို မှန်ရွာကနေ တစ်ဆင့် စစ်ဆင်ရေးနယ်မြေတွေဆီကို မနိုင်ဝန်ထမ်းပြီး ရိက္ခာပို့ဆောင်စေတာ ၊ ဆင်တွေကို အစာ နဲ့ ရေ ဝလင်အောင် မကျွေးတာတွေကြောင့် သေဆုံးရတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
သေဆုံးခဲ့ရတဲ့ ဆင် ၅ ကောင်က အရွယ်ကောင်းတွေဖြစ်ပြီး သက်တမ်းအားဖြင့် နှစ် ၄၀ သက်တန်း ရှိပြီဖြစ်တဲ့ ဆင်တွေလို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီက အကြမ်းဖက်စစ်တပ်တွေဆီကို ရိက္ခာထောက်ပို့ရေး အတွက် မော်တော်ယာဉ် နဲ့ လေကြောင်းကို လုံလောက်စွာ အသုံးမပြုနိုင်တော့တဲ့အတွက် အခုလို ဆင်တွေကို အဓမ္မစေခိုင်းနေတာလို့လည်း သိရပါတယ်။
ပကဖ အသံရဲ့ကတော့ အကြမ်းဖက်စစ်ကောင်စီဟာ လူ့အခွင့်အရေး (Human Rights) ကို သာမကဘဲ တိရိစ္ဆာန် အခွင့်အရေး (Animal Rights) တွေကိုပါ ချိုးဖောက်နေတယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။