တအာင်းတပ်မတော်(TNLA)၏ အခြေခံစစ်သင်တန်း အပတ်စဉ် (၆၅) သင်တန်းသူ၊ သင်တန်းသားများ၏ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို TNLAက ယနေ့(မေလ ၂၂ရက်)တွင် ထုတ်ပြန်သည်။
အဆိုပါ သင်တန်းကို TNLA ထိန်းချုပ်နယ်မြေ ကွတ်ခိုင်ဒေသ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရှင်းပြသည်။
TNLA၏ အပတ်စဉ်(၆၅) အခြေခံစစ်သင်တန်းတွင် သင်တန်းသား တစ်ထောင်ကျော်ရှိသည်ဟု ပြောသည်။
“တအာင်းလူမျိုးတွေဖြစ်တယ်။ နောက်တစ်ခုက ဒီနောက်ပိုင်းမှာ စစ်သားကောက်ယူမှု များလာတယ်ဆိုတာ လူငယ်တွေက တက်တက်ကြွကြွ ပိုပါဝင်လာတာ တွေ့ရတယ်။ အရင်ကလို မခက်တော့ဘူး”ဟု လွေးယေဦးက ပြောသည်။
ယခုသင်တန်းပြီးဆုံးပါက သင်တန်းသား၊ သင်တန်းသူများအား TNLAတပ်ဖွဲ့၌ ချက်ချင်း အမှုထမ်းခိုင်းရန် ရှိ၊မရှိ မေးမြန်းရာ သင်တန်းသားများ၏ ကျွမ်းကျင်ရာအလိုက်၊ ဝါသနာပါရာအလိုက်နေရာချသွားရန်ရှိသည်ဟု ပြောသည်။
TNLAသည် ၂၀၂၃ အောက်တိုဘာတွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ TNLA ရှမ်းမြောက်ရှိ ကွတ်ခိုင်၊ နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့ ခုနစ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းကြီးငယ် ၈၀ကျော် သိမ်းပိုက်ခဲ့သည်။
ယခု ၂၀၂၄ ဇန်နဝါရီတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် TNLA၊ ကိုးကန့်(MNDAA)၊ ရက္ခိုင်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့သည် စစ်ကောင်စီနှင့် ရှမ်းမြောက်ဒေသ အပစ်ရပ်စဲရေးကို လက်မှတ်ရေးထိုး ခဲ့သည်။ထိုနောင် စစ်ကောင်စီတပ် နှင့် တိုက်ပွဲ မဖြစ်သည်မှာလည်း လေးလကျော်ပြီဖြစ်သည်။