ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) ဟာ နိုင်ငံရေးအရ တန်ဖိုးကြီးမားတဲ့အတွက် ရအောင် တိုက်ယူမှာဖြစ်တယ်လို့ ဗမာပြည်သူ့လွတ်မြောက်တပ်မတော် – BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက အသိပေးပြောကြားလိုက်ပါတယ်။
ဖာပွန်ခရိုင် (မူတြော်ခရိုင်) ဟာ ကရင်လူထုခေါင်းဆောင်၊ KNU ဖခင်ကြီး စောဘဦးကြီး နောက်ဆုံးညီလာခံခေါ်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်၊ ဖာပွန်မြို့ထဲက အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၁၉)နဲ့ မြို့နားက ခမရ(၄၃၄)တို့ကို သိမ်းပိုက်ထားပြီးဖြစ်လို့ ဖာပွန်မြို့ထဲမှာ အကြမ်းဖက် စစ်ကောင်စီမရှိတော့ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေက အပြည့်အဝထိန်းချုပ်ထားပြီလို့ ပြောလို့ရကြောင်း သူကဆက်ပြော ပါတယ်။
“ဖာပွန်မြို့အနီးတဝိုက်မှာ ခလရ(၁၉)၊ ခမရ(၄၃၄)၊ ခမရ(၃၄၀)၊ ခမရ(၃၄၁) ၊ စစန(၆၄၂) နဲ့ စဗခ(ဖာပွန်)ရယ်လို့ တပ်ရင်း၊တပ်ဖွဲ့များစွာရှိခဲ့ပြီး လက်ရှိမှာ ဖာပွန်မြို့ထဲက ခလရ(၁၉)နဲ့ မြို့နားက ခမရ(၄၃၄)တို့ကို သိမ်းပိုက်ထားပြီးဖြစ်လို့ ဖာပွန်မြို့ထဲမှာ စစ်ကောင်စီမရှိတော့ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေက အပြည့်အဝထိန်းချုပ်ထားပြီလို့ ပြောရပါမယ်”လို့ မောင်ဆောင်းခက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစန(၆၄၂)ဆိုတာကလည်း စစ်လက်နက်ပစ္စည်းတပ်စု (လက်ရုံးတပ်) အဆင့်ပဲရှိတဲ့အတွက် တပ်စခန်းကနေ ဆုတ်ခွာသွားတာ ကြာပြီဖြစ်လို့ လက်ကျန် ခမရ ၃၄၀၊ ၃၄၁ နဲ့ စဗခရဲ့ တချို့အစိတ်အပိုင်းတွေပဲ ဆက်သိမ်းဖို့ကျန်တော့တယ်လို့ သူကဆက်ပြောပါတယ်။
KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့အတူ PDF ၊ FFD ၊ BPLA စတဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဒီရက်ထဲ တောက်လျောက်ထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်ပါတယ်လို့ မောင်ဆောင်းခက ပြောပါတယ်။
လက်ရှိမှာတော့ ကျန်ရှိနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၃၄၀ ၊ ၃၄၁ နဲ့ စဗခရဲ့ အစိတ် အပိုင်းအချို့ကို KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့အတူ PDF ၊ FFD ၊ BPLA စတဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ဆိုပါတယ်။