အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် (၃) ၊ Special Operation Group အထူးစစ်ဆင်ရေးတပ်ဖွဲ့ ရံပုံငွေအတွက် တော်လှန်ရေးရဲဘော်များ ရေးစပ်ထားတဲ့ “The Warrior’s Rhythms” – စစ်သည်တော်တို့ တေးသွားဆိုတဲ့ သီချင်းစီးရီးကို ဇွန်လမှာ စတင် ရောင်းချပေးမယ်လို့ သိရပါတယ်။
ရှေ့တန်း စစ်မြေပြင်ခရီးကို ရောက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်များရဲ့ တိုက်ပွဲ အတွေ့အကြုံ ၊ပင်ပန်းတာ၊ အိမ်လွမ်းတာ စတဲ့ ဖြစ်စဥ်တွေကို သီချင်စာသားအဖြစ် ပြောင်းလဲအသက်သွင်းပြီးတော့ စစ်သည်တော်တို့ တေးသွားဆိုတဲ့ စီးရီးတခု ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ စစ်ကြောင်းရဲ့ လိုအပ် ချက်အရ “စစ်သည်တော်တေးသွား” ကမ်ပိန်းကို သိန်း ၃၀၀၀ မျှော်မှန်းထားတယ်ဆိုတာနဲ့ ဇွန် ၁ ရက်မှ ၃၀ ရက်နေ့အထိ တလ လုံး ရောင်းချပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
အထက်ပါ တေးစီးရီး ရောင်းချရာက ရရှိလာမယ့် ရံပုံငွေတွေကို SOG စစ်ကြောင်း ရဲဘော်များအတွက် ကျည်ကာ အင်္ကျီ၊ ဦးထုပ်များ တပ်ဆင်ဖို့ ၃၀ ရာခိုင်နှုန်း၊ အင်အားတိုးချဲ့မှု နဲ ရိက္ခာဆေးဝါး သယ်ယူပို့ဆောင်ဖို့အတွက် ၃၀ ရာခိုင်နှုန်း၊ တပ်ခွဲ (၃) အတွက် ၂၀ ရာခိုင်နှုန်း၊ ဒရုန်း ထုတ်လုပ်ရေးအတွက် ၁၀ ရာခိုင်နှုန်းကို အသီးသီး အသုံးပြုသွားမှာဖြစ်ပါတယ်။
ပြည်တော်ဝင်မယ့် ခြေလှမ်းများအတွက် ပြည်သူကာကွယ်ရေး ရဲဘော် တွေ ကိုယ်တိုင် ရေးစပ်ထားတဲ့ စစ်သည်တော်တို့ တေးသွား စီးရီးကို အားပေး ထောက်ကူပေးကြဖို့ တောင်းဆိုထားပါတယ်။