တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ မှာ မေလ ၁၈ ရက်နေ့ကစပြီး ပအိုဝ်းပြည်သူ့စစ် (PNA)အတွက် ထမင်း၊ ဟင်း ချက်ပို့နေရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
နယ်မြေ ၂ ရပ်ကွက်နေ ဦးလှဆာရဲ့သား ခွန်ပေါရွှေက PNA တပ်ရင်းတစ်ခု ထူထောင်ထားပြီး စစ်ရေးလေ့ကျင့်နေတဲ့အတွက် အခုလို ရိက္ခာ ပို့ပေးနေရတာလို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
ဘုရားဖြူရပ်ကွက်၊ အောင်ချမ်းသာဓမ္မရံကို နယ်မြေ ၂ အိမ်တိုင်းက နေ့စဉ်နေ့တိုင်း ထမင်းတစ်ထုပ်၊ ဟင်းတစ်ထုပ်စီ ပို့ပေးနေရပြီး မပို့တဲ့အိမ်တွေကို အိမ်အနေအထားလိုက် ငွေကြေးကောက်ခံနေတယ်လို့ ဆိုပါတယ်။
နယ်မြေ ၂ မှာ နေထိုင်သူ တစ်ဦးက “မပို့တဲ့အိမ်တွေကို သူတို့မှတ်ထားပြီး၊ အိမ်ကောင်းတယ်ဆိုရင် ၂ သောင်း၊ ၃ သောင်း အဲလို ကောက်တာပေါ့နော်။ သိပ်ပြီးမပြေလည်ပုံ ပေါက်ရင်တော့ တစ်သောင်းပေါ့။ တော်တော်များတော့ ချက်ပို့ရတယ်။ သပ်သပ်လည်း မစီစဉ်ပေးနိုင်ဘူးလေ။ ကိုယ်စားတဲ့အထဲက တစ်ယောက်စာ ခွဲပေးရတာက သိပ်မသိသာဘူးပေါ့” လို့ ပြောပါတယ်။
“သူတို့ ဘယ်မှာ စစ်သင်တန်းပေးလဲတော့ မသိရဘူး။ အဲဓမ္မာရုံကိုပဲ ပို့ရတာ။ ကြည့်ရတာတော့ ဘုရားဖြူ အမြှောက်တပ်မှာ ထင်တယ်။ လူတွေတော့ ဘယ်နားခေါ်လာလဲ မသိဘူး။ ထမင်းထုပ် လာယူတာတော့ ပအိုဝ်းတွေပဲ” လို့ နယ်မြေ ၂ မှာ နေထိုင်သူ တစ်ဦးက ဆက်ပြောပါတယ်။
တောင်ကြီးမြို့ပေါ် ရပ်ကွက်အားလုံးမှာ စစ်မှုထမ်းဖို့ လူစာရင်း ကောက်ခံနေတာ ပြီးသလောက်နီးပါး ရှိနေပေမယ့် ဘုရားဖြူနဲ့ ကံကြီးရပ်ကွက်မှာ စစ်ကောင်စီက စစ်မှုထမ်း ခေါ်ယူမယ့်အစား PNA ကသာ စစ်မှုထမ်းခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရပ်ကွက် ၂ မှာ နေထိုင်တဲ့ လူငယ်တွေအတွက် စိုးရိမ်ပူပန်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိ ရပ်ကွက် ၂ ပြည်သူတွေကို ထမင်း၊ ဟင်း ပို့ခိုင်းနေတဲ့ ခွန်ပေါ်ရွှေဟာ ဘုရားဖြူရပ်ကွက်က မြေလွတ်၊ မြေရိုင်းတွေနဲ့ ရေထွက်ဂနိုင်တွေကို အကွက်ရိုက် ရောင်းချဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စည်းရုံးနေတယ်လို့လည်း နယ်မြေ ၂ မှာ နေထိုင်သူတွေက ပြောပါတယ်။
အလားတူ ခွန်ပေါ်ရွှေရဲ့ဖခင်ဖြစ်သူ ဦးလှဆာဟာလည်း ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်တုန်းက ရပ်ကွက်ပိုင် ရေထွက်ဂနိုင်တွေကို ဖြိုချကာ အကွက်ရိုက် ရောင်းစားခဲ့ကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ငွေကြေးခွဲယူခဲ့တယ်လို့ နီးစပ်သူတွေဆီကတဆင့် သိရပါတယ်။