“မနေ့(မေ ၂၃) ညနေ ၄နာရီခွဲကတည်းက တွန်းဇံတမြို့လုံးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး ကင်းစင်သွားပြီလို့ပြောလို့ရပါတယ်။ ဖမ်းထားတာတွေရော ဆုတ်သွားတာတွေရောဆိုတော့။သူတို့ အင်အား ၄၀ လောက်ကို ဖမ်းဆီးထားတယ်။ အဲဒီထဲမှာ ၁၅ ယောက်လောက်က သူတို့ ဒဏ်ရာရနေကြတယ်” -CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ
ချင်းပြည်နယ် တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ (မေ ၂၃) ညပိုင်း၌အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
တွန်းဇံမြို့ ရဲစခန်းနှင့် ခလရ(၂၆၉)တပ်ရင်းများကို လက်လွတ်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်သည် တွန်းဇံမြို့ ပြန်ရရေး ရဟတ်ယာဉ်များဖြင့် စစ်ကူအင်အားဖြည့်တင်း ကြိုးပမ်းခဲ့ရာ ယမန်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရှင်ဖမ်းမိခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။
“တွန်းဇံအခြေအနေ နောက်ဆုံးက မနေ့ညနေ ၄နာရီခွဲကတည်းက တွန်းဇံတမြို့လုံးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး ကင်းစင်သွားပြီလို့ ပြောလို့ရပါတယ်။ ဖမ်းထားတာတွေရော ဆုတ်သွားတာတွေရောဆိုတော့။သူတို့ အင်အား ၄၀ လောက်ကို ဖမ်းဆီးထားတယ်။ အဲဒီထဲမှာ ၁၅ ယောက်လောက်က သူတို့ ဒဏ်ရာရနေကြတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
ကျန်နေသည့် စစ်ကောင်စီတပ်သားများသည် တီးတိန်မြို့ဘက်သို့ ဆုတ်ခွာကြောင်း ၎င်းက ဆက်ပြောသည်။
ဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကူလာသည့် တပ်ဖွဲ့ဝင်များ ဟုတ်မဟုတ် မေးမြန်းရာ ဆလိုင်းထက်နီက “ကျနော်တို့ သိရသလောက်တော့ နောက်ထပ် စစ်ကူလာတဲ့သူတွေလို့ထင်တယ်။” ဟု ပြောပြသည်။
တွန်းဇံမြို့သိမ်း စစ်ဆင်ရေးကို မေလ ၁၇ရက်က စတင်ခဲ့ရာ ယမန်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၂၀ကျော် သေဆုံးမှုရှိနိုင်သည်ဟု ၎င်းက ဆိုသည်။ ချင်းပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တော်လှန်ရေးရဲဘော်အချို့ ကျဆုံးထိခိုက်ရှိခဲ့သည်။ အဆိုပါ မြို့သိမ်းစစ်ဆင်ရေးကို CNA နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။