ဝိုင်းမော်မြို့ပေါ်တွင် တစ်ခုတည်းကျန်သည့် စစ်ကောင်စီ၏ အမှတ် ၅၈ ခြေလင်တပ်ရင်း( ခလရ-၅၈)က ယမန်နေ့ (မေ ၂၇ ) ည ၁၁ နာရီ ဝန်းကျင်မှစ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
“၅၈ ထဲကနေ ပစ်နေတာ။ အဝေးကြီးမဟုတ်ဘူး။ အနီးတင် ကျပြီး ပေါက်ကွဲနေတာ။ ဆက်တိုက်ပစ်နေတယ်”ဟု ဒေသခံတစ်ဦးက မေ ၂၇ ရက်ညတွင်ပြောသည်။
မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်နေခြင်းဖြစ်သည်။
ဝိုင်းမော်မြို့တွင် စစ်ကောင်စီအခိုင်အမာတပ်ရင်းအဖြစ် ခမရ (၃၂၁) နှင့် ခလရ(၅၈) ရှိသည်။ အမှတ် ၃၂၁ ခြေလျင်တပ်ရင်း (ခမရ-၃၂၁)ကို မေလ ၂၁ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။ ထိုတပ်ရင်းမှထွက်ပြေးသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခလရ(၅၈)၌ သွားရောက်ပူးပေါင်းနေကြောင်း စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ် channel များ၌ ဖော်ပြထားသည်။
ခလရ(၅၈)သည် ဝိုင်းမော်- ကန်ပိုက်တီလမ်း၊ ဝိုင်းမော်မြို့အနီး၌တည်ရှိသည်။
မေ ၂၆ ရက် ညကလည်း ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား၂ဝ ဦးထက်မနည်းဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့သည်။