အကျဥ်းထောင်အသီးသီး၌ မတရားအကျဥ်းကျနေသော နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များအနက် အခြေခံလူတန်းစား မိသားစုများမှာ ကုန်စျေးနှုန်းများအဆမတန်မြင့်တက်လာ၍ ထောင်ဝင်စာပို့ရန် အခက်အခဲများရှိလာကြောင်း သတင်းရရှိသည်။
ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာ၍ နိုင်ငံရေးအကျဥ်းသားအချို့၏ မိသားစုဝင်များမှာ ထောင်ဝင်စာပို့ရန် ခက်ခဲလာ၍ အကူအညီတောင်းခံမှု ယခင်ကထက် ပိုမိုများပြားလာကြောင်း၊ ယခုနှစ် ၂၀၂၄အစပိုင်းက ထောင်ဝင်စာအတွက် နိုင်ငံရေးအကျဥ်းသား ၃၀ခန့်သာ ကူညီခဲ့ရပြီး ယခုအခါ ဖေဖော်ဝါရီနောက်ပိုင်းမှစ၍ တစ်လလျှင် နိုင်ငံရေးအကျဥ်းသား ၅၀မှ ၁၀၀ဝန်းကျင်အထိကူညီပေးနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“မြန်မာနိုင်ငံမှာလည်း အထွေထွေအကျပ်အတည်းတွေက ဖြစ်နေတယ်။ အခုဆိုရင် ဆန်စျေးဆီစျေးတွေကလည်း အဆမတန်စျေးကြီးလာတယ်။ ကုန်စျေးနှုန်းတွေ မြင့်တက်လာပြီး ငွေစျေးကကျလာတဲ့အပေါ်မှာ အခြေခံမိသားစုတွေအနေနဲ့က ကိုယ့်ရဲ့သားသမီးတွေကို ထောင်ဝင်စာပို့ဖို့ခက်ခဲလာတယ်။ဒါကြောင့်မို့ ကျွန်တော်တို့အဖွဲ့အစည်းအပေါ် အကူအညီတောင်းခံမှုပိုများလာတယ်လို့သုံးသပ်ပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ထောင်ဝင်စာခက်ခဲသော အကျဥ်းသားများအတွက် ထောင်ဝင်စာစျေးဘား တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်း ကူညီပေးကြောင်း၊ တစ်လလျှင် ၁၀၀မှ ၂၀၀ဝန်းကျင်အထိ အကူအညီတောင်းခံမှုများရှိပြီး မြေပြင်တွင် ပြန်လည်စစ်ဆေး၍ အမှန်တကယ်ခက်ခဲနေသူများအား ကူညီခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။
မြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီး၌ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ နှစ်သောင်းကျော်ရှိနေပြီး ပြည်သူလူထု၏ လျှို့ဝှက်စွာထည့်ဝင်ငွေ၊ နိုင်ငံရေးအကျဥ်းသားဟောင်းများ၏ လစဥ်ငါးထောင်ထည့်ဝင်ငွေများဖြင့် တစ်လလျှင် နိုင်ငံရေးအကျဥ်းသား ၁၀၀ဝန်းကျင်ကိုသာ လှူဒါန်းနိုင်ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၊ပြည်ပမှ ပြည်သူများအနေဖြင့် နိုင်ငံရေးအကျဥ်းသားများအား မမေ့မလျော့ပါဝင်ထည့်ဝင်လှူဒါန်းပေးကြရန် PPNMက မေတ္တာရပ်ခံထားသည်။