စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာပြီး တော်လှန်ရေး၌ ပါဝင်သွားမည်ဟု Salingyi Revolution Eagles အဖွဲ့၏ ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။
မေလ ၂၆ ရက်က ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သား ထူးကောင်းဆက်ဆိုသူသည် အလင်းဝင်ရောက်လို၍ ဆက်သွယ်လာသောကြောင့် PDFရဲဘော်များက သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ(၄) Salingyi Revolution Eagles အဖွဲ့၏ ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။
“သူအထဲမှာနေရတာ တင်းကျပ်တယ်ပေါ့ဗျာ။ သူတို့အထက်အရာရှိက အမြဲတမ်းညှင်းပန်းနှိပ်စက်တယ်ပေါ့။ အဲဒါကြောင့်ထွက်လာဖြစ်တာပေါ့။ ခုလက်ရှိသူတို့လုပ်နေတာတွေကို သဘောမကျတော့လို့ပေါ့”ဟု ဗိုလ်လင်းယုန်က ပြောသည်။
အဆိုပါ ရဲတပ်သားသည် ရဲလုပ်သက်တစ်နှစ်ခွဲရှိပြီး G3 တလက်၊ 7.62 ကျည် ၁၅တောင့်၊ ကျည်ဘောက် တစ်ခုပါ ယူဆောင်လာ၍ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ(၄)က ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်ခဲ့သည်။
“သူ့ကို လွတ်မြောက်နယ်မြေမှာ နေချင်သလား၊ ဌာနေပြန်ချင်သလားမေးတော့ အဲလိုလည်းမပြန်ချင်ဘူးတဲ့။ လက်ရှိတော်လှန်ရေးမှာပဲ ပါဝင်ပြီးတော့ စစ်အာဏာရှင် ကျဆုံးသည်အထိ တိုက်မယ်လို့ပြောတယ်”ဟု ဗိုလ်လင်းယုန်က ရှင်းပြသည်။
တော်လှန်ရေးကာလအတွင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၆)ကို အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်သား လေးဦးရှိပြီး သေနတ် ၆ လက် လက်ခံရရှိထားကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။
အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားများအား ဆုကြေးငွေအပြင် သီးခြားဆုချီးမြှင့်မှုများလည်း ပြုလုပ်လို၍ ပြည်သူများထည့်ဝင်ကူညီနိုင်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၆)က မေတ္တာရပ်ခံထားသည်။