မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ – နဘူးအိုင် လမ်းပိုင်းတွင် စစ်ကောင်စီတပ် စစ်ဆေးတင်းကြပ်နေ၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတိပေးသည်။
စစ်ကောင်စီ၏ မြင်းခြံခရိုင်အုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့လက်အောက်ရှိ ဝန်ထမ်းများအား မြင်းခြံ-နဘူးအိုင်လမ်း၊မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းများကို လုံခြုံရေးအခြေနေအရ အသုံးမပြုရန် မေလ ၈ရက်မှ ညွှန်ကြားခဲ့ကြောင်း၊ ၎င်းတို့ ထုတ်ပြန်ပြီးနောက် မြင်းခြံ-နဘူးအိုင်လမ်းပိုင်းတွင် ပြည်သူနှင့် PDF ရဲဘော်များကို အထင်မှားစေသည့် လုပ်ရပ်များအား စစ်ကောင်စီတပ်က လုပ်ဆောင်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက မေလ ၂၇ ရက်တွင် အသိပေးသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မြင်းခြံ-နဘူးအိုင်လမ်းပိုင်းရှိ လယ်သစ်ရွာ၊သစ်ရုံရွာအနီး၊ကုက္ကဲရဲစခန်းအနီး၊ ကုက္ကဲရေကန်အနီး ၊ကုက္ကဲစက်မှုသင်တန်းကျောင်းအနီးတို့တွင် ဂိတ်များဖွင့်ပြီး ပြည်သူများအား စစ်ဆေးခြင်း၊ကားများကို လမ်းကြေးတောင်းခြင်းများ ပြုလုပ်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ဂိတ်များကို အခြေပြု၍ စစ်ကောင်စီတပ်သည် ပြည်သူများနှင့် PDFများအား အထင်လွဲစေရန် ခရီးသွားကားများကို ဓားပြတိုက်ခြင်း၊ကုန်တင်ကားများတွင် ယာဉ်မောင်း၊ယာဉ်နောက်လိုက်များထံမှ ဖုန်း၊ရွှေ၊ငွေပစ္စည်းများ တောင်းယူခြင်းများ လုပ်ဆောင်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဆိုသည်။
“နဘူးအိုင်-မြင်းခြံ လမ်းပိုင်းမှာ ပျူနဲ့စခတွေက လုယက်တာများလာလို့ ထုတ်ပြန်ရတာပါ”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ၏ တာဝန်ရှိသူက ပြောသည်။
မေလ ၁၈ရက် ညနေပိုင်းကလည်း မန္တလေး-မြင်းခြံလမ်း၌ ခရီးသွားယာဉ်တစ်စီးကို ကုက္ကဲရေကန် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများကကင်းပုန်းဝပ်ပစ်ခတ်ခဲ့သောကြောင့် မြင်းခြံမြို့မှ (၆၅)နှစ်အရွယ် အငြိမ်းစားဆရာမကြီး သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ယာဉ်များအနေဖြင့် မြင်းခြံ-နဘူးအိုင်လမ်းပိုင်းကို ရှောင်ကွင်းသွားကြပါရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက မေတ္တာရပ်ခံထားသည်။
အဆိုပါလမ်းပိုင်းရှိ နဘူးအိုင်ကျေးရွာ၌လည်း စစ်တပ်က တပ်စွဲထားပြီး မေလ ၂၂ ရက်က ပြည်သူ သုံးဦးအားသတ်ဖြတ်ခဲ့ပြီး မေလ ၂၅ ရက်တွင် ၎င်းတို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်၍ ရောဂါသည်အဘွားအိုတစ်ဦးသေဆုံးခဲ့သေးသည်။