ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ခရီးသွားပြည်သူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ PNOပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၎င်းတို့ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁၀၀၀ ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ဒီနေ့ နေ့လည်မှာ ထုတ်ပြန်လိုက်ပါတယ်။
လွယ်မောတောင်ဒေသ ပင်မူးကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့က မေလ ၂၉ရက်နေ့ ညနေ ၄နာရီမှာ လက်နက်ကြီး အထိုင်ချပြီး ပန်ရန်းရွာနဲ့ ထမ်းယံတိုင်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပန်ရန်းရွာနဲ့ ထမ်းယံတိုင်ရွာက ပြည်သူ ၁၀၀၀ ဝန်းကျင်မှာ ရွာလုံးကျွတ်တောတောင်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့မှ လက်နက်ကြီးတွေနဲ့ ပအိုဝ်းကျေးရွာကို ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် လက်နက်ကြီးကျည် အချို့မှာ ကျေးရွာအတွင်းကို ကျရောက်ခဲ့တာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မေ ၂၉ရက်နေ့မှာပင် ဖက်နမ်ကျေးရွာအနီး ခရီးသွားလာတဲ့ သာမန်အရပ်သားပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖက်နမ်ကျေးရွာအနီးမှာ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ပြည်သူတစ်ဦးမှာ ဖက်နမ်ကျေးရွာခံ မဟုတ်ပဲ ခရီးသွားတစ်ဦး ဖြစ်တယ်လို့ စုံစမ်းသိရပြီး သတ်ဖြတ်ခံရသူရဲ့ အသေးစိတ် အချက်အလက်တွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။