ချင်းပြည်နယ်၊ ဖလမ်းမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦး အလင်းဝင်လာကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က သတင်းထုတ်ပြန်သည်။
ရဲတပ်ကြပ်ကြီး ဦးဆန်ထောင်းအပါအဝင် ရဲ သုံးဦးသည် မေလ ၃၁ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။
အလင်း၀င်လာသူများအနက် ရဲတပ်သားဟိန်းထက်စံ မှ G3 သေနတ်တစ်လက်၊ H. Gernades လက်ပစ်ဗုံး လေးလုံးနှင့် ကျည်များ၊ ရဲတပ်သား ဟွခန့်စိန်မှ လက်ပစ်ဗုံး နှစ်လုံးနှင့် ကျည်များ ယူဆောင်လာကြောင်း အသိပေးသည်။
အဆိုပါ ရဲများကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားကြောင်း လည်း CNO/CNDFက ထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် CNO/CNDF ထံ လက်နက်နှင့်အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၁၀ဦးကျော်ရှိပြီး စခန်းသိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိသည်။
“သတင်းစကားပါးချင်တာက ရှေ့ဆက်ပြီးတော့ မင်းအောင်လှိုင် စစ်အစိုးရဟာ အာဏာရှင် စနစ်ဟာ ပြုတ်ကျတော့မှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေ အနေနဲ့ ပြည်သူလူထုဘက် အမြန်ဆုံး ပါဝင်ပြီး အလင်းဝင်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု CNDF တာဝန်ရှိသူတစ်ဦးက ၂၀၂၃ နှစ်ကုန်ပိုင်းက ပြောကြားထားသည်။