ပိုမိုအောင်မြင်သည့် စစ်ဆင်ရေးများဖော်ဆောင်နိုင်ရန် One More Strike ပရောဂျက်ကို စတင်ကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)က ထုတ်ပြန်သည်။
‘၁၁၁၁စစ်ဆင်ရေး’အတွင်း မပြီးပြတ်ခဲ့သည့် မြို့သိမ်းတိုက်ပွဲနှင့် စခန်းသိမ်းတိုက်ပွဲများကို ဆက်လုပ်နိုင်ရန်အတွက် ခဲယမ်းများကို ဖြည့်တင်းရန် One More Strike ပရောဂျက်ကို အကောင်အထည်ဖော်ခြင်းဟု ဆိုသည်။
Project၏ ရည်မှန်းချက်မှာ ကျပ်သိန်း ၁၀,၀၀၀ ဖြစ်ပြီး မေလ ၃၀ရက်မှ ဇွန်လ ၃၀ရက်အထိ တစ်လအတွင်း ပါဝင်ကူညီနိုင်ကြောင်း အသိပေးထားသည်။
” စစ်ကောင်စီကို နောက်တစ်ကြိမ်တိုက်ခိုက်နိုင်ဖို့အတွက် ခဲယမ်းတွေစုဆောင်းနိုင်ဖို့ နောက်ပြီးတော့မှ ပိုပြီးအောင်မြင်တဲ့စစ်ဆင်ရေးလုပ်နိုင်ဖို့အတွက် ဖြစ်တယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
လက်ရှိတွင် ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အတွင်းသို့ အင်အား ၅၀၀ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာပြီး တိုက်ပွဲများပြန်ဖြစ်လာကြောင်း ၎င်းက ဆိုသည်။
ယမန်နှစ် နိုဝင်ဘာ ၁၁ရက်က စတင်ခဲ့သော ကရင်နီပြည်နယ် ‘၁၁၁၁ စစ်ဆင်ရေး’နောက်ပိုင်း ပြည်နယ်ပြင်ပမှနေ၍ စစ်ကောင်စီက ပထမဆုံးအကြိမ် စစ်ကြောင်းပြန်ထိုးလာခြင်းဖြစ်သည်။
ယနေ့(မေလ ၃၁ရက်)သည် KNDF ကို စတင် ဖွဲ့စည်းသည့် (၃)နှစ်ပြည့်မြောက်ခြင်းဖြစ်လည်းဖြစ်သည်။
‘၁၁၁၁ စစ်ဆင်ရေး’နောက်ပိုင်း မြို့နယ် (၈)မြို့အပါအဝင် ကရင်နီပြည်၏ ၉၀ ရာခိုင်နှုန်းသော နယ်မြေများကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် လွိုင်ကော်မြို့တွင် စစ်ကောင်စီစခန်း ၁၂ ခု၊ ဒီးမော့ဆိုတွင် စခန်း ၁၃ခု၊ ဖရူဆိုတွင် စခန်း တစ်ခု၊ဘောလခဲတွင် စခန်း ငါးခု၊ ဖားဆောင်းတွင် စခန်း ၉ခု၊ ရှားတောတွင် စခန်း ၇ခု၊ ဖယ်ခုံတွင် စခန်း ၁၇ ခု၊ မယ်စဲ့တွင် စခန်း တစ်ခုနှင့် စုစုပေါင်း စစ်ကောင်စီစခန်း ၆၅ခုကို သိမ်းဆည်းနိုင်ခဲ့ပြီး တပ်ဆုတ်လက်နက်ချခဲ့သည် စခန်းစုစုပေါင်း ၁၆ခုအထိရှိကြောင်း သိရသည်။