ရှမ်းပြည်မြောက်ပိုင်းက စက်သုံးဆီအရောင်းဆိုင်တွေအနေနဲ့ စက်သုံးဆီရောင်းချတာမှာ ပုံးခွက်/ပေပါတွေနဲ့မရောင်းဖို့နဲ့ အခြားဆိုင်လုပ်ငန်းတွေကို တိုက်ရိုက်ရောင်းချတာတွေမလုပ်ဖို့ စစ်ကောင်စီလက်အောက်ခံ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဌာနက မနေ့ မေလ ၃၁ ရက်မှာထုတ်ပြန်ပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေဟာ ပလပ်စတစ် ပုံးခွက်တွေ/ပေပါတွေကို လိုင်းကားတွေ၊ ဆိုင်ကယ်တွေပေါ်တင်ပြီး ရောင်းချနေတာတွေ တွေ့ရှိတာဖြစ်လို့ မနေ့ မေလ ၃၁ ရက်ကနေစပြီး ပုံးခွက်/ပေပါတွေနဲ့ မရောင်းဖို့ ဒေသအုပ်ချုပ်ရေးအဖွဲ့အကြီးအကဲက လမ်းညွှန်လာတာလို့ ဆိုပါတယ်။
မီးစက်တွေအနေနဲ့တော့ မဖြစ်မနေရောင်းချရမယ်ဆိုပါက သက်ဆိုင်ရာရပ်ကွက်ထောက်ခံချက်ပါမှသာ ရောင်းချဖို့နဲ့ ရရှိထားတဲ့ ဆီတွေကို အခြားနေရာကို ရွှေ့ပြောင်းရောင်းချရင် ထိရောက်စွာ အရေးယူမယ်လို့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။
“ဆီပန့်ဆိုင်တော်တော်များများက မြို့ပြင်မှာ ထွက်မဝယ်နိုင်ကြတော့ မြို့ထဲမှာရောင်းပေးဖို့ ပန့်ဆိုင်ကြီးတွေက ပို့ပေးရတာ၊ ခုဒီစာထွက်လာတော့ ပို့လို့မရတော့ဘူးပေါ့။ အိမ်သုံးမီးစက်တွေလည်း ရပ်ကွက်ထောက်ခံစာပါမှဆိုတော့ ရပ်ကွက်တွေ လုပ်စားဂွင်ပေါ့” လို့ လားရှိုးက ဆီဆိုင်ပိုင်ရှင် ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
အရင်ကတည်းက ရပ်ကွက်ထောက်ခံစာယူရာမှာ ငွေကြေးပိုမိုတောင်းခံတာတွေရှိခဲ့ပြီး အခုလိုညွှန်ကြားချက် ထွက်ရှိလာတာကြောင့် ပိုတောင်းတော့မယ်လို့ သီပေါမြို့က စက်သုံးဆီဆိုင်ဝန်ထမ်း ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
“ရွှေတောလုပ်ကွက်တွေတော့ နားကားပြီ။ အရင်ကကားတွေနဲ့တင်တာမှာ အနည်းဆုံး ၁ ဂိတ်ကို ၂ သောင်းလောက်ကုန်နေတာ၊ ခုတော့ပိုကုန်တော့မှာ၊ အထက်က ညွှန်ကြားပေမယ့် အောက်က လိုက်မလုပ်ဘူးလေ။ လုပ်စားဖို့ ပိုတောင်းကောင်းအောင်လုပ်ပေးလိုက်တာပါပဲ” လို့ သူကပြောပါတယ်။
ဒီလိုအမိန့်မျိုးကို မြန်မာပြည်အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မုံရွာ၊ စစ်ကိုင်းနဲ့ မြစ်ကြီးနားဘက်တွေမှာ အရင်နှစ်တွေကတည်းက ထုတ်ပြန်ခဲ့တာရှိပြီး အခုတော့ ရှမ်းပြည်မြောက်ပိုင်းကို ထိန်းချုပ်လာတာဖြစ်တယ်လို့ စက်သုံးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။
ဒီလိုထိန်းချုပ်တင်းကြပ်တာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲကို စက်သုံးဆီတွေ မရောက်အောင် ကန့်သတ်တင်းကြပ်တာလို့လည်း အများက သုံးသပ်ကြပါတယ်။