ကချင်ပြည်နယ်၊ ပူတာအိုဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လမ်ပန်းဆက်သွယ်မှု ခက်ခဲနေတဲ့အပြင် ဖုန်းလိုင်း၊ အင်တာနက်နဲ့ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပူတာအိုဒေသမှာ MPT၊ Mytel၊ Atom၊ Ooredoo ဖုန်းလိုင်းများရှိသော်လည်း MPTနဲ့ Mytel ဖုန်းလိုင်းတွေ ပြတ်တောက်မှုကြာမြင့်နေပြီးတော့ Ooredoo ဖုန်းလိုင်းတစ်ခုသာ အားထားသုံးစွဲနေရတယ်လို့သိရပါတယ်။
“MPT နဲ့ Mytel က ဖုန်းလိုင်းမမိတာကြာပါပြီ။ Telenor ကတော့ လေးရက်တစ်ခါလောက် တစ်ရက် မိနစ်ပိုင်း နာရီပိုင်းလေး လိုင်းရတတ်ပါတယ်။ အဓိက ဖုန်းလိုင်း အင်တာနက်လိုင်းကောင်းတာကတော့ Oreedoo က ခုထိကောင်းနေတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ်လောက်ကစပြီး ည ၁၂ နာရီနောက်ပိုင်း မနက် ၅ နာရီထိလောက်သာ အင်တာနက်လိုင်းအသုံးပြုလို့ ကောင်းတာဖြစ်ပြီး နေ့ဆိုရင် အင်တာနက်လိုင်းမကောင်းပါဘူး။ ဖုန်းလိုင်းလည်း မကြည်တော့ပါဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပူတာအိုမြို့မှာ လျှပ်စစ်မီးပြတ်တောက်မှုတွေလည်း ဆိုးရွားစွာဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှုအနဲ့တူ ဖုန်းလိုင်းတွေပါ ဖုန်းခေါ်ဆိုတဲ့အခါ ခက်ခဲနေပြီး အင်တာနက်ပြတ်တောက်နေတာ Oreedoo ကလွဲပြီး လနဲ့ကြာမြင့်နေပြီလို့ သိရပါတယ်။
“အရင်ကတော့ နေ့တိုင်း ၂၄ နာရီ မီးရပါတယ်။ မီးအားကောင်းပါတယ်။ ခုကတော့ ၄ ရက်မှ တစ်ရက်မီးလာတယ်။ တစ်ချို့ရပ်ကွက်တွေကတော့ တစ်ပတ်မှ တစ်ရက် မီးလာတယ်” ဟု အဆိုပါဒေသခံကပြောသည်။
စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေရဲ့လုံခြုံရေးအတွက် မြစ်ကြီးနား-ပူတာအိုလမ်းကို ပိတ်ထားခဲ့ပြီးနောက် စက်သုံးဆီစျေးနဲ့ ဆန် အပါအဝင် အခြားစားသောက်ကုန်များ အဆမတန်စျေးနှုန်းကြီးမြင့်နေတယ်လို့ သိရပါတယ်။
ဒေသအခြေအနေကိုငဲ့ကွက်ပြီး မြစ်ကြီးနား-ပူတာအို လမ်းကို အချိန်အကန့်အသတ်နဲ့ ဖွင့်ပေးစေလိုတယ်လို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။