ချင်းပြည်နယ် လူဦးရေရဲ့ ထက်ဝက်နီးပါးလူ ၂ သိန်းခွဲခန့် ဟာ ပြည်တွင်းနဲ့အိမ်နီးချင်းနိုင်ငံတွေကို စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ မရရှိတဲ့ ဆိုးဆိုးရွားရွား အခြေအနေဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။
၂၀၂၁ စစ်အာဏာမသိမ်းခင်က လူဦးရေ ၅ သိန်းဝန်းကျင်ရှိတဲ့ချင်းပြည်နယ်မှာ အာဏာသိမ်းပြီး ၃ နှစ်အတွင်း ဒေသလူဦးရေရဲ့ထက်ဝက် ၂ သိန်းခွဲလောက်ဟာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။ အဲဒီစစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်တွေဟာ ပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံ အိန္ဒိယမှာ ဒုက္ခသည်တွေဖြစ် အိုးအိမ်မဲ့ ဖြစ်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမှာလည်း အကူအညီ မရရှိပဲ ဆိုးဆိုးရွားရွားအခြေအနေ ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ တီးတိန်မြို့ပေါ်က ဒေသခံပြည်သူတွေအပါအဝင် တွန်းဇံ၊ ကျီခါး ဖက်က ပြည်သူတွေဟာ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ မရရှိတဲ့ အခြေအနေကိုလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ် ချင်းပြည်နယ်အစိုးရဖွဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ အိမ်ခြေ (၉၆၆၉၆) အိမ်ခြေရှိပြီး လူဦးရေအားဖြင့် ၅၂၀၀၃၂ ရှိတယ်လို့ သိရပါတယ်။