မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှ လာသည့် စစ်ကောင်စီတပ်၊ ပျူစောထီးပူးပေါင်းစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
ဂန့်ဂေါမြို့နယ်၊ ရွှေဘိုရွာအနီးတွင် မေလ ၃၀ရက် နေ့လယ်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
” ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ။လက်နက်ကြီး၊ လက်နက်ငယ်တွေသုံးခဲ့ရတယ်။ သူတို့စစ်ကြောင်း ပြန်ဆုတ်သွားရတယ်။ ရွာထဲက ဒေသခံတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီက သတ်ဖြတ်သွားသူမှာ (၃၅)နှစ် အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
မြောက်ခင်ရန်းရွာမှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် မေလ ၁၆ရက်က စစ်ကြောင်းထိုးခဲ့ရာရေသာရွာနှင့်ရွှေဘိုကျေးရွာမှ ဒေသခံနှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်၃၀၀ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ထိုနေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့သည်။
ထို့နောက်ပိုင်းတွင် စစ်ကောင်စီက မြောက်ခင်ရန်းရွာကို လေကြောင်းမှတဆင့် လက်နက်နှင့်လူအင်အားဖြည့်တင်းခဲ့သည်။ ယခုရက်ပိုင်း ထပ်မံစစ်ကြောင်းထိုးမည်ဟုသတင်းရထားပြီး မေလ ၃၀ရက်က ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြခြင်းဟုသိရသည်။
မေလ ၂၆ရက်ကလည်း မြောက်ခင်ရန်းရွာအနီးရှိ ပျူစောထီးစစ်ရေးပစ်မှတ်များကို ဂန့်ဂေါခရိုင် ပကဖ၊ ဂန့်ဂေါခရိုင်တပ်ရင်းများ ပူးပေါင်းပြီး ရှော့တိုက်ဒုံး ၂၈လုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယခုရက်ပိုင်း စစ်ကောင်စီစစ်ကြောင်းများရှိနေ၍ လုံခြုံရေးသတိပြုနေထိုင်ကြရန် ဒေသခံများအား ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။