ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီး၌ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သံတွဲလေဆိပ်ကို ယနေ့(ဇွန်လ ၄ရက်)မှစတင်ပြီး စစ်ကောင်စီက ယာယီပိတ်သိမ်းလိုက်ကြောင်း လေကြောင်းလိုင်းကုမ္ပဏီများထံမှ သိရသည်။
လေကြောင်းလိုင်းများ၏ ထုတ်ပြန်ချက်များအရ ဇွန်လ ၄ ရက်မှ ဇွန်လ ၉ ရက်အထိ ယာယီရပ်ဆိုင်းမှာဖြစ်ပြီး လေကြောင်းလိုင်းများပြန်လည်ပြေးဆွဲမည့်အချိန်ကို ပြန်လည်ကြေညာပေးမည်ဟု ထုတ်ပြန်ထားသည်။
“၉ ရက်နေ့အထိ ယာယီပိတ်ထားပါတယ်။ ၁၀ ရက်နေ့ ပြန်လည်ပြေးဆွဲဖို့ မသေချာပါဘူ။ ထပ်သိရရင် ပြောပေးပါမယ်”ဟု ပြည်တွင်းလေကြောင်းလိုင်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကမ္ဘာကျော် ငပလီကမ်းခြေရှိသည့် သံတွဲမြို့အနီးဂေါ့တောင်ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို AAက ဇွန်လ ၃ ရက်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဇွန်လ ၃ ရက်မှစတင်ပြီး တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။
စစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်းတို့ဖြင့် အပြင်းအထန်ခုခံကာကွယ်နေကြောင်းလည်း သံတွဲမြို့ဒေသခံတစ်ဦးက ပြောသည်။
“ဂေါ့ကမ်းခြေက ငပလီမှာ အရမ်းအလှဆုံးနေရာပါ။ဒီနေရာကို စစ်ကောင်စီက မညာမတာ ဗုံးတွေကြဲနေတာ မနက်ကတည်းပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဂေါ့တောင်သည် သံတွဲလေဆိပ်မှ (၂)မိုင်ခန့် အကွာတွင်ရှိပြီး နိုင်ငံတကာအဆင့်မှီ ဟိုတယ်များလည်းရှိသည့် နေရာတစ်ခုဖြစ်သည်။