ကရင်ပြည်နယ် ၊ဖာပွန် မြို့က လက်ကျန် တပ်စခန်းတွေ မကျဖို့ စစ်ကောင်စီက လေကြောင်းအားကိုးပြီး ခုခံနေတယ်လို့ KNU တပ်မဟာ −၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
မြို့အနီးမှာရှိတဲ့ ခြေလျင် ၊ ခြေမြန် တပ်ရင်းဌာနချုပ် သုံးခုကို KNU တပ်မဟာ ၅ ဦးစီးတဲ့ ပူးပေါင်းတပ်တွေ က သိမ်းယူပြီးနောက် ကျန်ရှိနေတဲ့ ဗျုဟာကုန်းနဲ့ ခြေမြန်တပ်ရင်း နှစ်ခုကို ဆက်လက်ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတာပါ။
ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ တပ်စခန်းတွေ မကျဖို့ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လာတယ်လို့ ဗိုလ်မှူးကြီး စောကလယ်ဒိုက ဆိုပါတယ်။
ဒါအပြင် ဖာပွန် ဗျုဟာကုန်းဆီ အခြားသော တပ်စခန်းတွေက အင်အားပေါင်း ဖို့ ကြိုးပမ်းနေကြတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ လအတွင်းက တပ်မဟာ ၅ နယ်မြေမှာ ရုတ်သိမ်းသွားတဲ့ စခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့အနီးက ဗျုဟာကုန်းဆီ အင်အားဖြည့်ဖို့ စီစဉ်နေကြတာပါ။
ဒီအခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
ဖာပွန် က စစ်ကောင်စီတပ်ရင်းတွေကို ပြီးခဲ့တဲ့ မတ်လ တတိယပတ်ကစတင်ပြီး KNU တပ်မဟာ ၅ ဦးစီးတဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မတ်လကုန်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မြို့ပေါ်က ဆုတ်ခွာသွားပါတယ်။
ဒါအပြင်မြို့အနီး က တပ်ရင်းတွေကို သိမ်းယူနိုင်ခဲ့ပြီး လက်ရှိမှာ ခမရ − ၃၄၀ နဲ့ ခမရ ၃၄၁ တပ်ရင်းတွေနဲ့ ဗျုဟာကုန်းသာကျန်တော့တယ်လို့သိရပါတယ်။