မကွေးတိုင်း၊ မြိုင်မြို့နယ်က ကံမြင့်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦးနဲ့ သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် အမျိုးသမီးလေးဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်က မြိုင်မြို့နယ်၊ကံမြင့်ကုန်းကျေးရွာကို ဒီကနေ့ (ဇွန်လ ၄ ရက်) မနက် ၉ နာရီ ၁၅ မိနစ်ခန့်ကတစ်ကြိမ်၊ ၉ နာရီခွဲခန့်မှာ တစ်ကြိမ် နှစ်ကြိမ်တိုင် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကံမြင့်ကုန်းကျေးရွာနေ အသက် ၆ နှစ်အောက်ကလေးငယ်တစ်ဦး၊ အသက် ၆၀ အထက် အဘွားတစ်ဦးနဲ့ လူလတ်ပိုင်း၂ ဦး အပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပေါင် ငါးရာဗုံးနဲ့ ရော့ကတ်သီးတွေ။ ရော့ကတ်သီးကတော့အတွဲလိုက်ပစ်ချခဲ့တာ။ ပေါင်ငါးရာဗုံးသီးက တစ်လုံးချတယ်။ မိသားစုနှစ်စုက မိသားစုဝင်တွေတော်တော်များများ ထိခိုက်ဒဏ်ရာရတာနဲ့သေကုန်ကြတာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် နေအိမ် ၂ လုံးထက်မနည်း ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်အချို့လည်း သေဆုံးတာတွေ ရှိခဲ့ပါတယ်။
မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းကို PDFတွေ ကြားဖြတ်တိုက်ခိုက်လို့ စစ်အုပ်စုအထိနာနေတာတွေရှိတာကြောင့် အပြစ်မဲ့သည့်ပြည်သူတွေကို လေကြောင်းကနေတိုက်ခိုက်သွားတာလို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။
အရင်ကလည်း မြိုင်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ဖူးပါတယ်။စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ ကိုယ်ထူကိုယ်ထပြည်သူတွေ့ရဲ့ အခြေခံပညာကျောင်းများအားလုံး ပိတ်ထားခဲ့ရပါတယ်။
စစ်ကောင်စီက ဇွန် ၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ၊ မတောကျေးရွာက မဂ်လာဆောင်ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၅၀ ဦးခန့်သေဆုံးခဲ့ပါတယ်။
ဉာဏ်လင်းသစ် သုတေသန အဖွဲ့က ပြုစုထားတဲ့အချက်အလက်တွေအရ စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ဧပြီလအထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၄၇၁ ကြိမ် ပြုလုပ်ခဲ့ပြီးတော့ သေဆုံးခဲ့တဲ့ ပြည်သူ ၁၂၉၅ ဦး နဲ့ ဒဏ်ရာရသူပေါင်း ၁၆၃၄ ဦးရှိတယ်လို့ဖော်ပြထားပါတယ်။ နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ စစ်ကောင်စီဟာ စစ်ရှုံးပြီးအထိနာလာတာနဲ့ အမျှ လေကြောင်းကနေ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေက သတိပေးထားပါတယ်။