ချင်းပြည်နယ် တီးတိန်မြို့ရှိ စစ်ကောင်စီတပ်များကို ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)-ဇိုလဲန်း(Zoland) နှင့် ချင်းဒေသကာကွယ်ရေးတပ်(CNDF)တို့က ပြောက်ကျား တိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ချင်းညီနောင် အဖွဲ့ဝင်များဖြစ်သည့် အဆိုပါ ဒေသကာကွယ်ရေးတပ်များသည် တီးတိန်မြို့ရှိ စစ်ကောင်စီတပ်များကို မေလ ၂၆ရက် ညပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေလ ၂၇ရက်တွင် စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့ရာတွင် စစ်ကောင်စီဘက်က မြို့ကိုမီးရှို့ခဲ့သည့် အခြေအနေတွင် ဒေသကာကွယ်ရေးတပ်များက စစ်ရေးဖော်ဆောင်မှုကို ရပ်နားခဲ့ပြီးနောက် ဇွန်လဆန်းတွင် ပြောက်ကျားတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဘက်ကလည်း ဇွန်လ ၁ရက်နှင့် ယနေ့ (ဇွန်လ ၄ရက်) နံနက်တွင် တီးတိန်မြို့ရှိနေအိမ် အချို့ကို မီးရှို့မှုဆက်လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။
“တီးတိန်အခြေအနေကတော့ ပြောက်ကျားပုံစံပေါ့နော်။ မြို့တစ်ခုလုံးကို စကစ ထိန်းချုပ်ပြီ။ ဒါပေမဲ့ သူတို့က(PDF Zolandနှင့် CNDF) ပြောက်ကျားပုံစံနဲ့ သွားတိုက်ပြီးမှ ပြန်ဆုတ်တာမျိုး လုပ်တာ။ အခုက ဇွန်လ ၁ရက်ည ၉နာရီလောက်မှာ လွယ်ဘွယ်ရပ်ကွက်မှာ မီးရှို့တာတွေရှိတယ်။ သုံးလေးအိမ်လောက်ဖြစ်မယ်။ မီးလောင်တာပေါ့။ဒီမနက် ဇွန်လ ၄ရက်မှာလည်း တီးတိန်မှာ မီးလောင်တာ တွေ့ရတယ်။ အဝေးကနေ မြင်လို့ရတယ်ပေါ့။ ဘယ်လောက် မီးလောင်ပြာကျမလဲ အသေအချာတော့ မသိဘူး”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
လက်ရှိ တိုက်ပွဲများကြောင့် မြို့ခံအများစု စစ်ဘေးရှောင်နေကြရသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။
တစ်ဖက်တွင်လည်း ချင်းအမျိုးသားတပ်မတော် (CNA)ပါဝင်ပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ အတူတကွ ပူးပေါင်းဆောင်ရွက်နေသည့် ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့ကလည်း တီးတိန်မြို့ အနီးတဝိုက်တွင် အသင့်ရှိနေပြီး ချင်းညီနောင်အဖွဲ့ဝင်များဘက်က ဖိတ်ခေါ်ပါက စစ်ကောင်စီကိုအတူတကွ တိုက်ခိုက်သွားမည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားသည်။