ပဲခူးရိုးမနှင့် ထိစပ်လျှက်ရှိသော မြို့နယ်များတွင် စစ်ကောင်စီတပ်စစ်ကြောင်းများ မြို့နယ်စုံဖြန့်ခွဲ၍ ရိုးမပေါ်သို့ တက်ရောက်နိုင်ရန် ကြိုးပမ်းနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။
ရိုးမနှင့် ထိစပ်မြို့နယ်များမှာ ပဲခူးတိုင်းအရှေ့ခြမ်းတွင် ကျောက်တံခါး၊ အနောက်ခြမ်းတွင် လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ပေါင်းတည် စသည့်မြို့နယ်များပါဝင်ကြောင်း သိရသည်။
“လက်ပံတန်းဘက်မှာက အင်အား ၈၀လောက်ရှိတယ်။ မနေ့ကညက ၄၀လောက်နဲ့ ရွာတစ်ရွာကို ဝင်မွှေတယ်၊ အဲဒီရိုးမအစပ်ကရွာ။ နောက်ထပ် ၄၀လောက် မနက်ကထပ်ရောက်တယ်။ အုတ်ဖိုဘက်မှာလည်း စစ်ကြောင်းရှိတယ်။ နောက် မင်းလှအရှေ့ဘက်ခြမ်းမှာလည်း စစ်ကြောင်းတက်နေတယ်”ဟု ရိုးမအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တပ်ခွဲမှူးတစ်ဦးက ပြောသည်။
လက်ရှိတွင် ပဲခူးရိုးမသို့လာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ယခုရင်ပိုင်းစစ်ရေးလှုပ်ရှားမှုအချို့ရှိနေသော်လည်း အသေးစိပ် အခြေအနေအား မသိရသေးပေ။
ပေါင်းတည်မြို့နယ်၊ တောင်ပေါ်ကြို့ကုန်းအုပ်စုမှတဆင့် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးရန် အင်အား ၄၀ခန့်ဖြင့် ဇွန်လ ၁ရက်က ရောက်ရှိလာသော စစ်ကောင်စီတပ်မှာ တစ်ရက်တည်းတွင် ကြားဖြတ်တိုက်ခိုက်ခံရခြင်း၊ မိုင်းဖြင့် နှစ်ကြိမ်ဖောင်ခွဲတိုက်ခိုက်ခံရခြင်းတို့ကြောင့် တောင်ပေါ်ဆက်မတက်ရဲဘဲ နောင်ပြန်ဆုတ်သွားကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
အလားတူ ပဲခူးတိုင်းအရှေ့ ကျောက်တံခါးမြို့နယ်တွင်း လှုပ်ရှားနေသော စစ်ကောင်စီတပ်မှာ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ် လမ်း၌ မေလ ၂၆ ရက်မှ ၂၉ ရက်အထိ ၄ရက်ဆက် တိုက်ခိုင်ခံရပြီး အထိနာထားသည်။
ထို့အပြင် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ် လမ်းရှိ ကျေးရွာအချို့မှ ဒေသခံပြည်သူ ၁၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်မှုများ ရှိနေသည်။