ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာ၍ ပြည်သူများအနေဖြင့် စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံ၊ ဆေးရုံဆေးခန်းများနှင့် ကျေးရွာခန်းမ ဆောင်များ၌ လူစုလူဝေးပြုလုပ်ခြင်း၊ ကျေးရွာအတွင်း ရိုးရာ ပွဲလမ်းသဘင်များ ကျင်းပခြင်းတို့ လုံး၀ (လုံး၀) မပြုလုပ်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၄ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ကတုတ်ကျင်းများ၊ ဗုံးခိုကျဉ်းများကို ခိုင်ခန့်စွာ ဆောက်လုပ်ကြရန် သတိပေးလိုက် ကြောင်း ဖော်ပြသည်။
စစ်ကောင်စီသည် ၂၀၂၄တွင် မင်းတပ်မြို့နယ်အတွင်းရှိ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦးများ ၊ ဆေးရုံဆေးခန်းများ၊ အမြစ်မဲ့ ပြည်သူလူထု နေအိမ်များအား လေကြောင်း ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများ ပိုမို ပြုလုပ်လာနေကြောင်း အသိပေးထားသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၄ရက် ညပိုင်းကပင် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို တိုက်လေယာဉ် ၂စီးဖြင့် ဗုံးလေးကြိမ်ကြဲချ တိုက်ခိုက်ခဲ့သည်ဟု မင်းတပ်ဒေသခံ သတင်းရင်းမြစ်က အသိပေးထားသည်။
” တိုက်နယ်(၁)ဘက်ရှိ ကျေးရွာတစ်ရွာကို တံတားဦး လေတပ်ဘက်က ဂျက်ဖိုက်တာ ၂စီးမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကြားသိရပါတယ်။၄ကြိမ် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အထိအခိုက်တချို့ရှိကြတယ်လို့ ကြားသိရပါတယ်”ဟု သတင်းရင်းမြစ်က ၎င်း၏ လူမှုကွန်ရက်၌ ရေးသား ဖော်ပြခဲ့သည်။
စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ ပြုလုပ်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှုများ၊ ဘာသာရေး အဆောက်အဦး၊ဆေးရုံနှင့် လူနေအိမ် ပျက်စီးမှုများ ရှိခဲ့သည်။