စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာသစ်ရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၆ ဦး သေဆုံးခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် တန့်ဆည်မြို့ အနောက်ဘက် ၁ မိုင်ခန့် အကွာရှိ ရွာသစ်(ဝါးရငယ်)ကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ညွန့်ခိုင် အပါအဝင် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် ညွန့်ခိုင်သည် တန့်ဆည်မြို့နယ် ကာပေါင်းကျရွာသားဖြစ်ပြီး ၂၀၂၁ ခုနှစ် အစောပိုင်းကာလတွင် အကြမ်းဖက် စစ်ကောင်စီထံ သတင်းပေး ဒလန်လုပ်ကာ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ပြီး ကန့်ဘလူမြို့နယ် ပျူစောထီး ခေါင်းဆောင် ဝါသဝနှင့် ပူးပေါင်း၍ တန့်ဆည်မြို့နယ် အရှေ့ခြမ်း မူးမြစ်ကမ်းဘေး ကျေးရွာများကို ပျူစောထီး အင်အား တောင့်တင်းလာစေရန် စည်းရုံးလုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရှိရသည်။
ပျူစောထီး ခေါင်းဆောင် ညွန့်ခိုင်သည် တန့်ဆည်မြို့နယ်နှင့်ကန့်ဘလူမြို့နယ် အစပ် ကဘဲကျေးရွာ၌ အခြေချကာ အကြမ်းဖက် စစ်တပ်၏ နယ်မြေ ရှင်းလင်းရေး စစ်ကြောင်းနှင့်အတူ လိုက်ပါလေ့ရှိပြီး နေအိမ်များကို မီးရှို့ခြင်း၊ စစ်ရှောင်ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ္စည်းလုယက်ခြင်းများ ကျူးလွန်လျက်ရှိသူ ဖြစ်ကြောင်း Infinity Group မှ တာဝန်ရှိသူ တစ်ဦးက တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
အဆိုပါ တိုက်ခိုက်မှုကို PEER TO PEER-P2P ဒရုန်းအဖွဲ့၊ PRS LDF နှင့် တန့်ဆည်မြို့နယ် အခြေစိုက် ရွှေဘိုခရိုင်တပ်ရင်း(၁၀)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။