ဝိုင်းမော်- ဆဒုန်းလမ်းပိုင်းရှိ စစ်ကောင်စီအခိုင်မာတပ်စွဲထားသည့် ဘွမ်တောင်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ယနေ့(ဇွန်လ ၁၁ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်စစ်ရေးသတင်းမြစ်များက ပြောသည်။
ဝိုင်းမော်မြို့နှင့် မိုင်(၂၀)ကျော်အကွာ၌ရှိသည့်ဘွမ်တောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းမိထားသလို လက်နက်ခဲယမ်းများလည်းရရှိထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
” ဘွမ်တောင်စခန်းက ဝိုင်းမော်- ဆဒုန်း- ကန်ပိုက်တည်လမ်းမှာ အဓိကကျတဲ့ စခန်းပါ။ KIA က ထပ်သိမ်းလိုက်တယ်။ ဆဒုံးမှာ ဗျူဟာ ကျန်နေသေးတယ်”ဟု ၎င်းက ပြောသည်။
ကန်ပိုက်တည်သည် တရုတ်နိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေးဂိတ်ရှိသည့်မြို့ဖြစ်သည်။ ဝိုင်းမော်- ဆဒုန်း- ကန်ပိုက်တည်လမ်း၌ စစ်ကောင်စီစခန်းအချို့နှင့် ပြည်သူ့စစ်စခန်းအချို့ရှိနေသေးသည်။
KIA တပ်မဟာ(၂)နှင့် ပူးပေါင်းတပ်များသည် ဇွန်လ ၁၀ရက်ကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ရွှေမှော်ထံမတရားအခွန်ကောက်နေသည့် စစ်ကောင်စီစခန်းတစ်ခုကို တိုက်ခိုက်သိမ်းယူခဲ့သည်။
ဝိုင်းမော်မြို့တွင်လည်း KIA နှင့် စစ်ကောင်စီစစ်ရေးတင်းမာနေသည်။
ဝိုင်းမော်မြို့တွင် အရပ်သားပြည်သူများနေထိုင်သည့်နေရာများအား စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ ယမန်နေ့က ပြုလုပ်ခဲ့သည်။