မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က လူငယ်သုံးဦးအား သတ်ဖြတ်ပြီး ရုပ် အလောင်းများအား မြောင်းအတွင်းစွန့်ပစ်သွားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်၊ ရှမ်းမြောင်းရွာ အနောက်ဘက် မြောင်းထဲတွင် အသက် (၂၀)ကျော်အရွယ် အမျိုးသား သုံးဦး၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့ကြောင်း၊ ဇွန်လ ၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားများသည် အဆိုပါ လူငယ် သုံးဦးအား သတ်ဖြတ်ပြီး ရေမြောင်းအတွင်း ပစ်ချထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အခုချိန်ထိ ဘယ်သူဘယ်ဝါတွေဆိုတာ မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၆ရက်က မတ္တရာမြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးနေသည်။
မြို့နယ်အနောက်ခြမ်းရှိ ငယ်တိုး၊ သဖန်းထောင့် ကျေးရွာများဘက်မှ အနောက်ဘက်နှင့် အနောက်မြောက်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ယနေ့ (ဇွန်လ ၇ရက်) နံနက်တွင်လည်း မတ္တရာမြို့နယ် အနောက်ခြမ်း အောက်တောင်ကိုင်းရွာရှိ နေအိမ်များကို မီးရှို့ ဖျက်စီးနေကြောင်း wetlet informational network အဖွဲ့က ပြောသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်ကလည်း မတ္တရာနှင့်ကပ်လျက် ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်ရှေ့၌ စစ်တပ်က ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦးအား သတ်ဖြတ်ပြီး ရုပ်အလောင်းနှစ်လောင်းအား စွန့်ပစ်သွားခဲ့သေးသည်။