ချင်းပြည်နယ် တီးတိန်မြို့နဲ့ ၃ မိုင်အကွာမှာ ရှိတဲ့ လမ်းဇန် ကျေးရွာ လူငယ်တွေ ကို ဒီနေ့ ဇွန်လ ၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ကျေးရွာနေဒေသခံတွေကိုလည်း လူစုပြီး လူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လမ်းဇန်ကျေးရွာနေ ဒေသခံတစ်ဦးက “ဒီကနေ့ စစ်ကောင်စီတပ်တွေ ဝင်လာပြီးတော့ သေနတ် (၁၀) ကြိမ် ပစ်တယ်၊ လက်နက်ကြီးနဲ့လည်း တစ်ကြိမ်ပစ်တယ် ပြီးတော့ ရွာကလူငယ်တွေကို ဖမ်းဆီးတာလုပ်တယ် ရွာသူရွာသားတွေကိုလည်း စုစည်းခိုင်းပြီး စစ်ဆေးမှုတွေ လုပ်ကြတယ်” လို့ပြောပါတယ်။
လမ်းဇန်ရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနက်စောစော ဘုရားကျောင်းမှာ မနက်စောစော ဆုတောင်းသွားတဲ့သူတွေကိုလည်း ဘုရားကျောင်းမှာ သော့ခတ်ပိတ်ဆို့ ထားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
လမ်းဇန်ရွာက ဒေသခံတချို့က နီးစပ်ရာ ရွာတွေ တောင်ယာတွေဘက်ကို ကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။