ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရွှေမှော်များထံမှ မတရားအခွန်ကောက်နေသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇွန်လ ၁၀ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၄) နယ်မြေအတွင်းရှိ ရေလှောင်ကန်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၁၀ရက် မွန်းလွဲပိုင်းက သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ရေလှောင်ကန်တပ်စခန်းကုန်းသည် ၂၀၁၇-၂၀၁၈က စစ်ကောင်စီ၏ ခလရ(၂၉၇) နှင့် ခလရ(၂၆၀) တပ်ရင်းများ တပ်စွဲထားပြီး စခန်းဝန်းကျင်ရှိ ရွှေမှော်များထံမှ မတရား အခွန်ကောက်ခံခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၃ရက်ကလည်း အဆိုပါ တပ်စခန်းက လက်နက်ကြီး ပစ်ခတ်၍ ဒေသခံ သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
KIA သည် တနိုင်းဒေသရိ ဗျူ/နမ့်ခမ်း စခန်း၊ နမ့်ကောန်စခန်း၊ ဒလူးစခန်း၊ ရေလှောင်ကန်ကုန်းစခန်း အပါအဝင် တပ်စခန်း ၅ခုထက်မနည်းကို သိမ်းပိုက်ထားသည်။
စစ်ကောင်စီကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ KIA တပ်မဟာ(၉) ၊ တပ်ရင်း(၆) နယ်မြေကို ဇွန်လ ၉ရက် ညနေပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက်မှုမရှိကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
KIAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၁၀ရက် မနက်က ဝိုင်းမော်မြို့နယ်အတွင်း၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီက ဝိုင်းမော်မြို့နယ်ရှိ ခရစ်ယာန်ဘာသာရေးကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားသည်။