ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသရှိ စစ်ကောင်စီ ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ညနေပိုင်း၌ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များက ပြောပြသည်။
KIA ပူးပေါင်းတပ်သည် ဇွန် ၁၁ မနက်မှစ၍ ဝိုင်းမော် – ကမ်ပိုက်တီ လမ်းမရှိ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင်ရာ စခန်းအချို့ သိမ်းပိုက်ထားပြီး ဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
“ စကစ တပ်စခန်းနဲ့ BGF/ပြည်သူ့စစ် စခန်း ၅ခုကို KIA မဟာမိတ် တပ်ပေါင်းစုများ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ တိုက်ပွဲ ပြင်းထန်နေဆဲ။ ဘွမ်တောင် ပြည်သူ့စစ်စခန်း၊ လဖိုင် ပြည်သူ့စစ်စခန်း၊ ၁၃ မိုင် စုပေါင်းဂိတ်စခန်း၊ အင်ဝမ်ယန် BGF စခန်းများကို သိမ်းပိုက်ရရှိထားပြီ။ ဆဒုံးဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဇွန် ၁၁ ရက်နေ့ခင်းပိုင်းတွင်ပြောသည်။
ဆဒုံးဗျူဟာစခန်းကိုလည်း ယနေ့(ဇွန် ၁၁) ညနေပိုင်း၌ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းအခြား သတင်းရင်းမြစ် နှစ်ဦးကအတည်ပြုပြောကြားသည်။
“ရပြီ ဆဒုံးဗျူဟာက။ ၅နာရီလောက်က “ ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
အခြား သတင်းရင်းမြစ်တစ်ဦးကလည်း “သိမ်းလိုက်ပြီ”ဟု ဗျူဟာစခန်းသိမ်းပိုက်နိုင်မှုကို အတည်ပြုသည်။
ဆဒုံးဗျူဟာ စခန်းသည် အင်အား ၁၂၀ ခန့် ရှိသည့် တပ်စခန်းဖြစ်ပြီး ယနေ့ ညနေပိုင်း၌ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။ ယင်းစခန်းတွင် အမှတ်(၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၃) လက်အောက်ခံ နည်းဗျူဟာ ၁ နှင့် ခမရ(၃၈၉) တပ်မှ တပ်ဖွဲ့ဝင်များ နေရာယူထားခြင်းဖြစ်သည်ဟုဆိုသည်။
KIAအနေဖြင့် မေလ တတိယ ပတ်က ဝိုင်းမော်ရှိ စစ်ကောင်စီတပ် ခမရ(၃၂၁) အပါအဝင် ဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းသိမ်းတိုက်ပွဲများကို ဇွန်လ ဒုတိယပတ်တွင် ပြန်လည် ဖော်ဆောင်လာခြင်းဖြစ်သည်။
ဇွန်လ ၁၀ရက်တွင် တနိုင်းရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့(ဇွန် ၁၁) တွင် ဝိုင်းမော် ဆဒုံးဒေသရှိစစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့မနက် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့သည်။
စစ်ကောင်စီဘက်ကလည်း လေကြောင်း လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်မှုများ ရှိကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။