စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းရန် အတင်းအဓမ္မ ဖိအားပေး ခြိမ်းခြောက်ခံနေရ၍ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီးနောက် ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့အတွင်းရှိ ကျေးရွာများကို စစ်မှုထမ်းရန်နှင့် ပျူစောထီး သင်တန်းတက်ရောက်ရန် အတင်းအဓမ္မ ဖိအားပေး ခြိမ်းခြောက်ခြင်းများကို ၎င်းတို့ စိုးမိုးထားသည့် နယ်မြေနှင့် အနီးတဝိုက်တို့တွင် အကောင်အထည်ဖော်လုပ်ဆောင်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
“စစ်မှုထမ်းဥပဒေ အတည်ပြုပြီးကတည်းကပါဗျ။ တချို့တတ်နိုင်သူတွေကတော့ ထွက်ကြတာကြာပြီ။ အခုက ဘယ်လိုမှ ဆက်နေမရတော့မှ အကုန်ထွက်ပြေးကြရတာ။ ၄ လ ၊ ၅ လပိုင်းတွေမှာ အတော်ထွက်ပြေးကြရတယ်လို့ သိရတယ်” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ပြောဆိုသည်။
ကျွန်းလှမြို့၊ သစ်ရာမြိုင်အုပ်ကြီးဖြစ်သူ ပျူခေါင်းဆောင်ပွကြီးနှင့် နောက်လိုက်ပျူစောထီးများသည် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို မကြာခဏသွားရောက်ကာ ပျူသင်တန်းတက်ရန်နှင့် စစ်မှုထမ်းရန် အမြဲဖိအားပေးခြိမ်းခြောက်နေခြင်း ဖြစ်ကြောင်း ၊ ကျီကုန်းရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ဝေနှင့် ပျူခေါင်းဆောင် ဦးသောင်းဝင်းတို့သည်လည်း ရွာသားများ၏ မှတ်ပုံတင်များကိုပါ သိမ်းဆည်းထားကာ အမျိုးသားများ ထွက်ပြေးပါက အမျိုးသမီးများပါ ဝင်ရမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရှိရသည်။
စစ်မှုထမ်းရန် အတင်းအဓမ္မခြိမ်းခြောက်ခံရမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများသည် ကျွန်းလှမြို့နှင့် သဖန်းဆိပ်ဆည်သွားရာ လမ်းမကြီးဘေးရှိ ကျေးရွာများဖြစ်ပြီး ကျွန်းလှမြို့နှင့် အလှမ်းမဝေးသဖြင့် ပျူစောထီးများ လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးစားနေသော ဒေသလည်း ဖြစ်ကြောင်း သိရှိရသည်။
စစ်မှုထမ်းရန် ဖိအားပေးခြိမ်းခြောက်နေခြင်းကြောင့် ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အရှေ့ဘက်ခြမ်းရှိ ကျောက်အိုင်၊တပေါင်၊ငှက်ပျောတော၊ငါးဘတ်အိုင်၊သံဘို၊ဘိုကုန်း၊စံပြ၊ကျီကုန်း၊ရွာသီ၊ဇီးတောနှင့် ချောင်းကွေ့ရွာတို့မှ ပြည်သူ ၁သောင်းခန့်သည် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးနေကြရခြင်း ဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။