စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နဲ့ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂိတ်စခန်းတွေကို ဇွန်လ ၉ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး “Shar Htoo WAW”နည်းပညာ၊ တိုက်ခိုက်ရေး Fixed Wings ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်တပ်သား ၁၃ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ Urban Hunter Force-UHF က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြောင်မြို့နယ်၊ မြောင်လမ်းခွဲမှာ အခြေချနေထိုင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘိုးမင်းကြီးဂိတ် စခန်းကို ဇွန်လ ၉ရက်နေ့ နေ့လည် ၃နာရီ ၃၀မိနစ်မှ ညနေ ၄နာရီ ၃၀မိနစ်အထိ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ 1.5kg AIR BOMB (၆)လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် (၇)ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာအရှ့ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲ နဲ့ လက်ပါးစေ ပျူစောထီးတွေ အခြေချနေထိုင်နေတဲ့ ဂိတ်စခန်းကို ညနေ ၅နာရီမှ ၅နာရီ ၃၀မိနစ်အထိ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ 1.5kg AIR BOMB (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် (၆)ဦး ထိခိုက် ဒဏ်ရာ အပြင်းအထန်ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်ကြတဲ့ စစ်ကိုင်းခရိုင် ဒရုန်းတပ်ရင်း၊ စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း၊ မြင်းမူ ပကဖ၊ Urban Hunter Force-UHF၊ လျှပ်တပြတ် စွန်ညို၊ Meikhtila Special defence Force၊ Black Eagleစတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။