ဇွန်လ ၁၁ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ ချင်းပြည်နယ် ၊တွန်းဇံမြို့ တိုက်ပွဲအတွင်း အသုံးပြုခဲ့တဲ့ကျည်ခွံများကို စုဆောင်းခဲ့သူ ဆယ်ကျော်သက် လူငယ် ၁ ဦး မိုင်းပေါက်ကွဲမှုကြောင့်သေဆုံးခဲ့တယ် လို့ ဒေသခံတွေပြောကြားချက် အရ သိရပါတယ်။
အဆိုပါ သေဆုံးသူဟာ တွန်းဇံမြို့မှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် လုံတပ်ရွာသား Tg Kham Muon Lien ဖြစ်ကြောင်းသိရပါတယ်။ တွန်းဇံမြို့ အထွေထွေ အုပ်ချုပ်ရေးရုံး နဘေးမှာ ကျည်ခွံ စုဆောင်းဖို့ သူ လှည့်လည် နေစဉ် မိုင်း နင်းမိခဲ့ခြင်း ဖြစ်ပြီး အနီးအနားရှိ ဒေသခံများမှ သွေးများ သန့်စင်ပေးရုံ လောက်သာ တတ်နိုင်ခဲ့ကာ ဆေးဝါးကုသမှု မရရှိဘဲ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ရုပ်အလောင်းကို ဇာတိရွာဖြစ်သော လုံတပ်ရွာသို့ သယ်ဆောင် သဂြိုလ် သွားဖို့ စီစဉ် နေကြောင်း ဒေသခံများမှ ပြောပါတယ်။
တွန်းဇံမြို့ကို မေလ ၂၄ ရက်နေ့မှာ ချင်းအမျိုးသားတပ်မတော်( CNA )
ဦးဆောင်တဲ့ ချင်းလဲန်း ကာကွယ်ရေးတပ်ပေါင်းစုက သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီး လက်ရှိ အချိန်မှာတော့ တွန်းဇံမြို့ဟာလူအအတန်အသင့် ပြန်လည် လည်ပတ်နေကာ ဈေးဆိုင်တချို့လည်း ပြန်ဖွင့် နေပြီ လို့ သိရပါတယ်။
စစ်ရှောင် တစ်ဦးကတော့ တွန်းဇံမြို့ စစ်ရှောင် အများစုဟာ နေအိမ် ပြန်နိုင်ခြင်း မရှိသေးဘူး လို့ ပြောပါတယ်။