ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဇွန် ၁၁ ရက်နေ့မှာ ဝိုင်းမော်-ကန်ပိုက်တည် လမ်းတလျှောက် မှာရှိတဲ့ စစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ပြီး ဆဒုံးဗျူဟာကုန်းအပါအဝင် စခန်းအကြီးအသေး ၁၈ ခုကိုသိမ်းပိုက်ခဲ့ပါတယ် ။ဆဒုံးဗျူဟာကုန်းအပါအဝင် ဆဒုံးမြို့အဝင်ဂိတ်စခန်း ၊ဆဒုံးမြို့ ရဲစခန်း ၊ ဆဒုံးမြို့ထွေအုပ်ရုံး ၊ဆဒုံးစုပေါင်းဂိတ်စခန်း ၊ဆဒုံးရေတံခွန်ဂိတ်စခန်းစတဲ့ စခန်းတွေသိမ်းပိုက်ခဲ့ပြီး ဆဒုံးမြို့ကိုပါ KIA ကအလုံးစုံသိမ်းပိုက် ထိန်းချုပ်လိုက်ပါတယ် ။ဒါကြောင့် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၆၀ ရှိလာပြီဖြစ်ပါတယ်
ဒါအပြင် ဝိုင်းမော်-ကန်ပိုက်တည် လမ်းတလျှောက်မှာ KIA သိမ်းပိုက်ဖို့က ကန်ပိုက်တည်မြို့က စစ်ကောင်စီတပ်စခန်းအနည်းငယ်ပဲကျန်တော့တာဖြစ်ပါတယ် ။ဒါကြောင့် မြန်မာ-တရုတ် နယ်စပ်မှာ စစ်ကောင်စီ ထိန်းချုပ်စီမံနိုင်တာ နောက်ဆုံးတစ်ခုတည်းကျန်တဲ့ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြို့ဟာ KIA သိမ်းပိုက်ထိန်းချုပ်ဖို့ လက်တကမ်းအကွာကိုရောက်နေပြီဖြစ်ပါတယ် ။ ဒါတောင် ကန်ပိုက်တည်မြို့ အနီးဝန်းကျင်က စစ်ကောင်စီစခန်းနဲ့ ရုံးအချို့ကို KIA က ဇွန် ၁၁ ရက်မှာပဲစတင်သိမ်းပိုက်ထားပြီဖြစ်ပါတယ် ။