ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council- iFEC) ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီနောင်မောင်နှမ နိုင်ငံရေးအင်အားစုများနဲ့ ပညာရေးဆိုင်ရာအဖွဲ့အစည်းများအားလုံး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဇွန် ၁၄ ရက်မှာ တိုက်တွန်းပြောကြား လိုက်ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရန် ပြည်သူလူထုရဲ့ မျှော်မှန်းချက်များနဲ့အတူ ဖက်ဒရယ်ပညာရေးစနစ်တစ်ရပ်ကို ပျိုးထောင်ရန် လိုအပ်လာတယ်ဆိုတာနဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှစွာ အခွင့်အရေးရရှိစေရန် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို စုစည်းညီညွတ်စွာဖြင့် စနစ်ပြောင်းတော်လှန်ရေး ကြိုးပမ်းနေသော အချိန်အခါ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်သစ် တည်ဆောက်ရာမှာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့အပေါ်မှာ မူတည်မှုမရှိစေဘဲ တိုင်းရင်းသားညီနောင်မောင်နှမ အဖွဲ့အစည်းများအားလုံး အချင်းချင်း လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်လည်း အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
ယခု စတင်ဖွဲ့စည်းမယ့် ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီက ဖက်ဒရယ်ယူနစ်များရဲ့ ကိုယ်ပိုင်ပညာရေး စီမံခန့်ခွဲပိုင်ခွင့်ကို လွတ်လပ်စွာ ကျင့်သုံးခွင့်နဲ့ အချင်းချင်း အပြန်အလှန် လေးစား အသိအမှတ်ပြုမှုတို့ဖြင့် ဆောင်ရွက်သွားနိုင်ကြရန် မျှော်ရည်တယ်လို့ ဆိုပါတယ်။
ဒါအပြင် နိုင်ငံရေးအရ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့အတူ ပညာရေးမှာ ကိုယ်ပိုင်ပြဌာန်း ဆောင်ရွက်ခွင့် အပြည့်အဝရရှိရန် လိုအပ်တယ်ဆိုတာနဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအတွင်းရှိ ပညာရေးစနစ်များ ဆက်စပ်ထားရှိပြီး ပူးပေါင်းဆောင်ရွက် ကြရပါမှာဖြစ်တယ်လို့လည်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။