တောင်ကြီးမြို့မှာ မနေ့ ဇွန် ၁၃ ရက် နေ့လည်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ သူတို့လက်အောက်ခံ ရဲ၊ ယာဥ်ထိန်းရဲတွေက VPN အသုံးပြုသူတွေကို လိုက်လံစစ်ဆေးပြီး ဖမ်းဆီးဒဏ်ငွေရိုက်နေတယ်လို့ စုံစမ်းသိရပါတယ်။
တောင်ကြီးမြို့ ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ မြင်းရုပ်၊ City Square (Ocean)၊ မြို့မစျေး၊ ဗိုလ်ချုပ်ပန်းခြံတွေမှာ စစ်ဆေးခဲ့ပြီး VPN တွေ့ရှိသူတွေကို ငွေကျပ် ၅ သောင်းထပ်မနည်း ဒဏ်ရိုက်ခဲ့တဲ့အပြင် တချို့လူတွေကို ဆိုင်ကယ်သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်ကတော့ ၅ သောင်း ဆောင်ရတယ်။ တခြားလူတွေတော့ ၂ သောင်း၊ ၃ သောင်း ပေးရတာတွေလည်းရှိတယ်။ တချို့က ၂ သောင်းအောက်တော့ မကျဘူး။ ဘယ်လောက်ပေးရတယ်ဆိုတာ စစ်တဲ့သူပေါ်ပဲ မူတည်တယ်။ အသိ ၂ ယောက်ကတော့ Delivery (ပစ္စည်းပို့ဆောင်သူ) လုပ်တာ၊ ဆိုင်ကယ်သိမ်းခံလိုက်ရတယ်” လို့ ပေးဆောင်ခဲ့ရသူတစ်ဦးက ပြောပါတယ်။
အလားတူ မနေ့ညကလည်း ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီးတက္ကသိုလ်အနီး ဘော်ဒါဆောင်တချို့ကို VPN လိုက်လံစစ်ဆေးခဲ့ပေမယ့် နယ်မြေမှူးက အာမခံပေးထားတာကြောင့် ဒဏ်ရိုက်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ အခုလို လုပ်ဆောင်တာဟာ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ VPN အကြောင်းပြကာ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်ဖို့လည်း ရည်ရွယ်တာဖြစ်ပြီး မြို့တွင်းသွားလာလှုပ်ရှားနေတဲ့ လူငယ်တွေကို VPN ဖျက်ထားကြဖို့ မြို့ခံတွေက သတိပေးပါတယ်။
VPN စစ်ဆေးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက “သူက စစ်တယ်ဆိုပေမယ့် လူတိုင်းတော့မဟုတ်ဘူး။ လူတိုင်းလည်း မစစ်နိုင်ဘူးလေနော်။ လူအများနဲ့ဆိုတော့။ ပုံစံကြည့်ပြီးစစ်တာ။ လူငယ်ကတော့ စစ်ပြီးသားပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လအတွင်း တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ VPN ပိတ်ဆို့ပေမယ့် ငွေကြေးပေးဝယ်ရတဲ့ VPN တချို့ အသုံးပြုလို့ရနေတာကြောင့် လိုက်လံဖမ်းဆီးနေတာပဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့လောက်ကစပြီး စာမျက်နှာ ၃၆ မျက်နှာပါတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို တင်သွင်းခဲ့ပေမယ့် မြန်မာကွန်ပျူတာအသင်းချုပ် (MCF) နဲ့ မြန်မာနိုင်ငံကုန်သည်နဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UNFCCI) တို့အပါအဝင် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ကန့်ကွက်ခဲ့ပါတယ်။