မောင်မယ်ရှောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာခံအဖိုးအိုတစ်ဦးကိုလည်းစစ်တပ်ကသေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက်စောစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေ မောင်မယ်ရှောင်ရွာထဲကိုဝင်ရောက်လာပြီး ရွာသားတွေကိုစစ်ဆေးဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် မနက်ပိုင်းမှာပဲ တော်လှန်ရေးတပ်တွေကလာရောက်ပစ်ခတ်ခဲ့လို့ နှစ်ဖက်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မိနစ်ပိုင်းအကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲပိုင်းမှာတော့ ရွာထဲမှာသွားလာနေတဲ့စစ်ကောင်စီတပ်က ရွာခံ အသက် ၈၀ ဝန်းကျင်အရွယ် အရွယ်ဦးလှမြင့်ကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဲဒီနောက် မနေ့ညနေပိုင်းမှာစစ်ကောင်စီတပ်သားတွေ ထပ်ရောက်လာပြီး အင်အား ၁၀၀ ကျော်လောက်က မောင်မယ်ရှောင်ရွာထဲနဲ့ ဆက်စပ်နေတဲ့ ရန်ကုန်-ထားဝယ်ကားလမ်းတလျှောက်မှာ လက်ရှိအချိန်ထိ နေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း မောင်မယ်ရှောင်ရွာတဝိုက်မှာ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
နှစ်ရက်အတွင်း တိုက်ပွဲဖြစ်စဥ်အသေးစိတ်နဲ့ နှစ်ဖက်ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
တိုက်ခိုက်ရာမှာပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက “လူကြီးလမ်းကြောင်းကိုလုံခြုံရေးယူဖို့လာတယ်လို့ကြားတယ်။ သေတော့မသေချာဘူး။ သူတို့ မောင်မယ်ရှောင်ကနေ ဘုရားမဲဂိတ်အလွန်ထိကို လမ်းပေါ်မှာပြည့်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဝင်ရောက်လာတာနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင့် မောင်မယ်ရှောင်ရွာခံအများစုက နီးစပ်ရာကိုတိမ်းရှောင်နေကြပြီး တချို့ကလည်းရွာထဲမှာဆက်ရှိနေသေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။
မောင်မယ်ရှောင်ကျေးရွာဟာ ထားဝယ်မြို့နဲ့ ခုနစ်မိုင်ခန့်အကွာ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး ရွာအနီးတဝိုက်မှာ တိုက်ပွဲနဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ဖူးပါတယ်။